စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်လောက်က စစ်ကောင်စီတပ် ယာဥ်တန်းကို ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်စက္ကဦးဆောင်တဲ့ ဒေါင်းမင်း PDF အဖွဲ့က ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကား ၁ စီး ထိမှန်သွားခဲ့တယ်လို့ PDF ခေါင်းဆောင်က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာသာယာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
ရွာသာယာကျေးရွာက ဒေသခံတစ်ဦးကလည်း ကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ဟုတ်မှန်ကြောင်းနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ အတိအကျမသိရသေးသလို ကျေးရွာနေပြည်သူတွေ ထွက်ပြေးနေကြရကာ ညနေ ၅ နာရီဝန်းကျင်ထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ယာဥ်တန်းဟာ မုံရွာဘက်ကနေ အသုတ်ခွဲထွက်လာတာဖြစ်ပြီး တင့်ကား ၂ စီးအပါအဝင် ကားအစီးရေ ၇ စီးလောက် ရှိတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်တပ်က ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။