နေပြည်တော်မှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေနတ်ကျည်ဆန်ထိမှန်ကျဆုံးသွားခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာသံရုံးတွေက ဂုဏ်ပြုရေးသား သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပါသမဂ္ဂသံရုံးကတော့ မမြသွဲ့သွဲ့ခိုင်ဟာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ မျိုးဆက်တစ်ခုကိုကိုယ်စားပြုနိုင်ခဲ့တယ်လို့ ဂုဏ်ပြုရေးသားထားပါတယ်။
“သူမသည် စစ်တပ်၏ မိုက်ရူးရဲဆန်ပြီး အကြီးအကျယ်သွေးစွန်းစေသည့် အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရသည့် မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများအနက်မှ ပထမဦးဆုံး အသက်ပေးခဲ့ရသူဖြစ်ပါသည်။ သူမသေဆုံးချိန်တွင် အသက်၁၉နှစ်သာ ရှိသေးပြီး သူမသည် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် ဖိနှိပ်ချုပ်ချယ်မှု၊ အကြောက်တရားတို့အောက်မှ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော မျိုးဆက်တစ်ခုကိုကိုယ်စားပြုနိုင်ခဲ့ပါသည်။” လို့ အီးယူ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ပြည်သူတွေကို လုံခြုံရေး တပ်ဖွဲ့၀င် တစ်ဦးက အဝေးမှသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မမြသွဲ့သွဲ့ခိုင်ကို ထိမှန်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကလည်း ဒီကနေ့ ထုတ်ပြန်လိုက်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့သူတွေနဲ့ ကျန်ရစ်သူမိသားစုတွေကို အမှတ်ရနေပြီး သူတို့ကို အလေးအနက်ထား စာနာပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်စွာ ထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားလိုက်နာဖို့ တောင်းဆိုတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အချိုးအစားမညီမျှတဲ့ လုံခြုံရေးအင်အားနဲ့ နှိမ်နင်းခဲ့တာလို့လည်း ဒိန်းမတ်သံရုံးက ဆိုပါတယ်။
လွန်ခဲ့တဲ့တစ်နှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနားမှာ စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ဘတ်စ်ကားဂိတ် အရိပ်တနေရာမှာရပ်နေတဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်းမှာ သေနတ်ကျည်ဆန် ထိမှန်ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားခဲ့တာပါ။
ဒဏ်ရာရပြီးနောက် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဦးနှောက်လုံးဝ သေသွားပြီး အသက်မရှူတော့သလို နှလုံးခုန်နေတာပဲရှိရာက ဖေဖော်ဝါရီ ၁၉ ရက်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
ဒီပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဝန်ခံခြင်းမရှိဘဲ သရဲဘောကြောင်စွာ လိမ်ညာငြင်းဆန်ခဲ့သလို တာဝန်ယူ တာဝန်ခံမှုလည်းမရှိ ဆုံးရှုံးနစ်နာခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ မိသားစုအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးခဲ့တာလည်း မရှိပါဘူး။
လတ်တလောမှာတော့ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တော်လှန ခဲ့ကြတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ နိုင်ငံအနှံ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ အကြမ်းဖက်စစ် ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၀ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၂၂၈ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။