ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ် ပန်နန်းရွာက စစ်ဘေးရှောင်တွေ ဖေဖော်ဝါရီ ၁၇ ရက်နေ့က နေလယ်ပိုင်းက နေရပ်ပြန်ချိန် မိုင်းနင်းမိတာကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
“ပန်နန်းကျေးရွာက ဒေသခံတွေက လမ်းမှာ တိုက်ပွဲငြိမ်ပြီ သတင်းကြားလို့ ပန်နန်းရွာအပြန် လုံတက်ကျေးရွာ အဝင်လမ်းမှာ ရှော့တိုက်မိုင်းနင်းမိပြီး အသက် ၃၀ အရွယ် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်၊ ၅ နှစ်အရွယ် မိန်းကလေးကတော့ မိုင်းယော်တိုက်နယ် ဆေးရုံရောက်မှ ဆုံးသွားတယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ခြေထောက်နဲ့ ဝမ်းဗိုက်တွေမှာ ပြင်းထန်ဒဏ်ရာရသူ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဘယ်လက်နက်ကိုင်အဖွဲ့က မိုင်းထောင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက မိုင်းယော်တိုက်နယ်အတွင်း မြောက်ပိုင်းမဟာမိတ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ မိုင်းယော်နဲ့ လားရှိုးမြို့တွေကို စစ်ဘေးတိမ်းရှောင်နေကြရတာပါ။
မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီတပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တို့ လှုပ်ရှားရာ နယ်မြေဖြစ်ပါတယ်။