Home
ဆောင်းပါး
မေတ္တာရောင်ပြန်သာဓက - လူထုခေါင်းဆောင်ရဲ့အချစ်‌တော်ခွေးနဲ့ လူထုချဉ်ဖတ်ရဲ့မြေး
DVB
·
February 18, 2022
Taichi

ပြီးခဲ့တဲ့တပတ်ကျော်လောက်တုန်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးသိတတ်ပြီး သစ္စာရှိတတ်၊ တာဝန်သိတတ်တဲ့ တိုက်ချီတို (Taichito) လို့အမည်ရတဲ့ အချစ်တော်ခွေးလေး သေဆုံးတယ်ဆိုတဲ့သတင်းအမှားဟာ အင်တာနက်စာမျက်နှာထက်မှာ ဟိုးလေးတကြော်ဖြစ်ခဲ့ပါတယ်။

ပြည်သူလူထုဟာ သူတို့မျှော်လင့်နေတဲ့ သူတို့ချစ်တဲ့ခေါင်းဆောင်ရဲ့ ခွေးလေးအတွက် ဝမ်းနည်းပူဆွေးကြရပြန်ပါတယ်။ သတင်းမှားယွင်း‌နေတာသိရပြန်တော့လည်း စိတ်သက်သာရကြပြီး တိုက်ချီတိုလေးအတွက် ဆုမွန်ကောင်းတွေဝိုင်းတောင်းပေးကြတာ လူမှုကွန်ယက်စာမျက်နှာတွေမှာ နေရာယူခဲ့ပြန်ပါတယ်။

ပြည်သူလူထုကိုရင်ဝယ်သားပမာ မေတ္တာ စေတနာမှန်စွာထားပြီး နိုင်ငံအကျိုးသယ်ပိုးနေတဲ့ လူထုခေါင်းဆောင်ကို ပြည်သူတွေကလည်း သူ့ကိုကိုယ်မဆိုထားနဲ့ သူနဲ့ ပတ်သတ်သမျှ သက်ရှိ သက်မဲ့ အရာ၀ဝတ္ထုတို့အားလုံးကို ချစ်ခင်ကြ၊ အမြတ်တနိုးလဲ ရှိကြပါတယ်။ စေတနာမေတ္တာတို့မှန်တာမို့ အကြောင်းအကျိုးတိုက်ဆိုင်ချိန်မှာ မေတ္တာရောင်ပြန်ဟပ် အကျိုးပေးတဲ့ သဘောပါပဲ။

တကယ်တော့ တိုက်ချီတို (Taichito) လေးကို ဒေါ်‌အောင်ဆန်းစုကြည်ရဲ့အငယ်ဆုံးသား ကိုထိန်လင်း (Kim) က ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲမှာ အကျယ်ချုပ်ကနေလွတ်မြောက်လာတဲ့သူ့အမေကို လာတွေ့ရင်း ရန်ကုန် မင်္ဂလာစျေးကနေ ဝယ်ပြီး သူ့အစား သူ့အမေကို အဖေါ်ရအောင် အနီးကပ်စောင့်ရှောက်ဖို့ ထားခဲ့တဲ့ ခွေးကလေးပါ။ ဒါကြောင့်တိုက်ချီတို (Taichito) ဟာ အမေစုအတွက် အိမ်မွေးအချစ်တော် ခွေးလေးတစ်ကောင်ထက်အများကြီး ပိုပါတယ်။ 

ဒေါ်‌အောင်ဆန်းစုကြည်က သူရဲ့သားငယ်‌‌လေးပေးတဲ့လက်ဆောင် တိုက်ချီတို (Taichito) လေးကို သံယောဇဉ်ဖြစ်ပြီး ခွေးလို့ပြောတာ‌တောင် မနှစ်သက်လို့ သူရဲ့နှင်းဆီစံအိမ်မှာ “သတိခွေးကိုက်တတ်သည်” ဆိုင်းဘုတ်ကိုလည်း တိုက်ချီတို ပုံလေးနဲ့ အစားထိုးချိတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေါ်‌အောင်ဆန်းစုကြည်ဟာ တိုက်ချီတိုလေးကို ရိုက်လည်းမရိုက်၊ ကျိန်းလည်းမကျိန်းမောင်းဖူးပါဘူးတဲ့။ သူ့ကို ခေါ်သွားလို့ရနိုင်ရင် သူနဲ့အတူ ခေါ်သွားလေ့ရှိပါတယ်။ ခေါ်သွားလို့မရတဲ့ အခါဆိုရင်လည်း မသွားခင် အနမ်းလေးပေးပြီးမှ သွားလေ့ရှိပါတယ်တဲ့။ 

၂၀၁၆ ခုနှစ်မှာ ဒေါ်‌အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံကို ၁၉ ရက်ကြာ အလည်အပတ်သွားပြီးပြန်လာတော့ တိုက်ချီတို‌လေးဟာ အမေစုကို မျက်စိအောက်ကတောင် အပျောက်မခံတော့ပါဘူးတဲ့။

D-Wave ဂျာနယ်မှာ အဲ့ဒီနှစ်တုန်းက ဒေါ်‌အောင်ဆန်းစုကြည်‌ရေးသားခဲ့တဲ့ဆောင်းပါးနဲ့ စာအုပ်ထဲမှာ သူ့အချစ်တော် ခွေး‌လေးအကြောင်းကို အောက်ပါအတိုင်းအတိုင်း‌ရေးသားခဲ့ပါတယ်။

"တိုက်ချီတိုလေးက သူ့ကိုထားပြီး ထွက်သွားစေနိုင်တာ ကျမခြေထောက်လို့ မှတ်ထားပုံရတာမို့ ခြေထောက်ကို မလွှတ်တော့ဘဲ ဖက်ထားတတ်ပြီး ညအိပ်ရင်လည်း ကျမခြေထောက်တစ်ဖက်နဲ့ထိပြီးမှ အိပ်လေ့ရှိပါတယ်" ။

"တိုင်ချီတိုလေးက သစ္စာရှိသလို တာဝန်လဲသိပါတယ်။ သူ့တာဝန်က ကျမကို ကာကွယ်ဖို့ဆိုတာ သူ့ကို ဘယ်သူကမှ သင်မထားပဲ သူ ခံယူထားတာ ဖြစ်ပါတယ် "။ 

“ဘယ်သူမှ သူ့ရှေ့မှာ ကျမကို ကိုင်တာထိတာ သူ ခွင့်မပြုပါ။ ကျမနားကပ်တဲ့သူဆိုရင် တိုင်ချီတိုရဲ့သွားနဲ့ ရင်းနှီးပါတော့တယ်။”

“အိမ်မှာ ကျမတို့ကို ကြည့်ရှုပြုစုတဲ့ ဝေဝေနဲ့ ဆက်ဆံပုံကို ကြည့်ပါအုံး။ ဝေဝေ့ကို တိုင်ချီတိုက ချစ်ခင်တယ်။ ဝေဝေကျွေးသမျှ ပြုစုသမျှ ခံတယ်။ ဒါပေမဲ့ ဝေဝေ ကျမနားကပ်တာ မခံဘူး။ ဝေဝေ လို့ ကျမခေါ်လိုက်တာနဲ့ သူက အရင်ရောက်အောင်ပြေးလာတယ်။ ကျမရှိနေရင် သူက ဝေဝေကို အိပ်ခန်းထဲ မဝင်ရဘူး။ မရှိရင်တော့ ရတယ်။ ဝေဝေအခန်းရှင်းနေတုန်း သူ လိုက်ကစားတယ်။”

တိုက်ချီတိုက ခွေးလေးတကောင်ဆိုပေမယ့် တချို့‌သော လူတွေထက်သာပါတယ်။ ဒေါ်‌အောင်ဆန်းစုကြည်‌ရဲ့ ကျေးဇူးကိုသိတတ်သလို ကိုယ့်တာဝန်ကိုသိတတ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ၂၀၁၇ ခုနှစ် မဟာသင်္ကြန်တုန်းက နေပြည်တော်မှာရေပက်ကြတော့ တိုက်ချီတိုတို့ မဏ္ဍပ်ဆိုပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ 

ဒီနေရာမှာ မေတ္တာတရားအကြောင်းကို စာရေးသူနားလည်သလောက်ရေးပြချင်ပါတယ်။ အရိယာသူတော်စင်တွေမှာသာရှိတဲ့ ၅၂၈ သွယ်သော ဖြူစင်တဲ့မေတ္တာတရားဆိုတာ လူပုဂ္ဂိုလ် သတ္တဝါမှန်သမျှအပေါ် ခွဲခြားမှုမရှိဘဲ သူတို့အကျိုးစီးပွားကို လိုလားတဲ့သဘောဖြစ်ပါတယ်။ 

အဲ့ဒီအေးမြတဲ့မေတ္တာဆိုတာ အရပ် ၁၀ မျက်နှာမှာရှိတဲ့ လူနတ်ဗြဟ္မာ အပယ်ဘုံ၊ ပြတ္တာအသူရကယ်ဘုံ၊ ငရဲဘုံ၊ တရိစ္ဆာန်ဘုံက သတ္တဝါအစုံ ၁၂ မျိုးကို အောက်ပါ မေတ္တာပို့ ( ၄ ) မျိုးနဲ့ ပို့ပြီး မေတ္တာပွားတာမို့ စုစုပေါင်း ၅၂၈ သွယ်သောမေတ္တာမျိုးဖြစ်ပါတယ်။ 

၁။အဝေရာဟောန္တု=ဘေးရန်ကင်းပါစေ

၂။အဗျာပစ္ဇာဟောန္တု=စိတ်ဆင်းရဲခြင်းကင်းပါစေ

၃။အနီဃာဟောန္တု = ကိုယ်ဆင်းရဲခြင်းကင်းပါစေ

၄။သုခိအတ္ထာနံပရိဟာရန္တု=မိမိကိုယ်ကိုချမ်းသာစွာ ဆောင်ရွက်ဆောင်နိုင်ပါစေ။ 

မြတ်စွာဘုရားရှင်ဟာ ၅၂၈ သွယ်သော ဖြူစင်တဲ့မေတ္တာတရားကို တစ်ဦးတည်းသောသားအပေါ် မိခင်ကထားတဲ့ ပေးဆပ်လိုမှုသာရှိပြီး ပြန်ယူလိုစိတ်မပါတဲ့ အေးမြမှုမျိုးနဲ့ တင်စားဥပမာဆောင်တော်မူပါတယ်။

စာရေးသူတို့လို ပုထုဇဉ်တွေရဲ့ချစ်ခြင်းမေတ္တာကတော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝီစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဒစ္စ၊ အဟိရိက၊ အနောတ္တပ္ပ စတဲ့ ကိလေသာဆယ်ပါးကိုအခြေခံပြီး စိတ်၊ စေတသိတ်၊ ရုပ် စုစုပေါင်း ၇၅ မျိုးကို အတွင်းအပြင် ၂ ပါးနဲ့ခံစားကြတဲ့ ၁၅၀၀ ကိလေသာမေတ္တာမျိုးဖြစ်ပါတယ်။ 

ဘယ်လိုမေတ္တာမျိုးဖြစ်ဖြစ် မေတ္တာထားသူနဲ့ မေတ္တာထားခံသူတွေကြားမှာ စစ်မှန်တဲ့မေတ္တာတရားမှာ အပြန်အလှန် မေတ္တာရောင်ပြန်ဟပ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ငွေကြေးနဲ့ဝယ်ယူလို့ မရသလို အမိန့်အာဏာနဲ့လည်း ဇွတ်ရယူလို့မရနိုင်ပါဘူး။

ဒါကြောင့်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း " မေတ္တာဆိုတာ ကိုယ့်အတွက်လိုချင်တာထက် သူများအတွက်ပေးဆပ်ချင်တယ်ဆိုတဲ့ အခြေခံစိတ်ဓာတ်ရှိပါတယ်။ မေတ္တာပေးတဲ့သူဘက်က စစ်မှန်ရင် လက်ခံရရှိသူဘက်ကလည်း ခံစားပြီး သိနိုင်ပါတယ်" လို့ ပြောခဲ့ဖူးပါတယ်။

လူထုခေါင်းဆောင်ရဲ့ အချစ်တော်ခွေးတိုက်ချီတို‌လေးအ‌ပေါ် ပြည်သူလူထုရဲ့ မေတ္တာရောင်ပြန်ဟပ်မှု အကြောင်းပြီးတော့ ဆန့်ကျင်ဘက်က အကြမ်းဖက်စစ်အာဏာသိမ်းခေါင်းဆောင် လူထုချဉ်ဖတ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မြေးနဲ့ပတ်သက်တဲ့ လူထုရဲ့မေတ္တာ ရောင်ပြန်ဟပ်မှု အကြောင်း ရေးပြချင်ပါတယ်။

အိန္ဒိယနိုင်ငံမှ နှလုံးအထူးကုဆရာဝန်ကြီးနှစ်ဦးက   ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းနဲ့ ၂၀၂၂ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့သို့ လာရောက်ပြီး  အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမှူးကြီး မင်းအောင်လှိုင်ရဲ့ကိုးလအရွယ်မြေးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သတင်းတွေထွက်ခဲ့ပါတယ်။

မွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ အဲ့ဒိကလေးကို လာရောက်ခွဲစိတ်ကုသပေးခဲ့တဲ့ အိန္ဒိယဆရာဝန်နှစ်ဦးဟာ  ဟိုက်ဒရာဘတ်မြို့ရှိ Rainbow Children’s Heart Institute (RCHI) က နှလုံးအထူးကုသမားတော်ကြီးတွေဖြစ်တယ်လို့   India Today မဂ္ဂဇင်းမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်က ရေးသားထားခဲ့ပါတယ်။

မွေးကတည်းက နှလုံးမှာအပေါက်ပါလာတဲ့ အကြမ်းဖက်စစ်အာဏာရှင်မြေးကို အိန္ဒိယဆရာဝန်နှစ်ဦးဖြစ်တဲ့  ဒေါက်တာ Nageswara Rao Koneti နဲ့ ဒေါက်တာ Shweta Bakhru တို့က အကူကိရိယာနဲ့ အစားထိုးကုသပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မွေးရာပါနှလုံးမှာ အပေါက်ပါရှိနေလာတဲ့  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မြေးငယ်မှာ ကိုးလအရွယ်ဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်မှ မွေးဖွားခဲ့သူဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ကျော်က လက်နက်မဲ့ ပြည်သူလူထုကို တည့်တည့်ချိန်လို့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်အပြစ်ကျုးလွန်ရာမှာ တာဝန်ရှိတဲ့ လူထုချဉ်ဖတ် စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့မြေးမှာ အခုလို နှလုံးမှာအပေါက်ပါလာတာဟာ တိုက်ဆိုင်မှုလား ဝဋ်‌ပါလာသလားဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပေမဲ့ လူတိုင်းအတွက် သူတို့ ပြုခဲ့တဲ့ကံနဲ့ ကံရဲ့အကျိုးရှိတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ကြပါတယ်။

မိမိနိုင်ငံသား ၁၅၀၀ ကျော်ကိုသတ်ဖြတ်၊ ပြည်သူသောင်းချီကို ဖမ်းဆီး ညှဉ်းဆဲထောင်ချ၊ စစ်ပြေးဒုက္ခသည် ၈ သိန်းကျော်ကို အတိဒုက္ခရောက်စေခဲ့ပြီး နိုင်ငံတနိုင်ငံလုံး ပြည်တွင်းစစ်ကြီးထဲ ဆွဲချခဲ့တဲ့ ဖက်ဆစ်စစ်တပ်ရဲ့‌ ခေါင်းဆောင်အာဏာရှင်ရဲ့မြေးကို ခွဲစိတ်ကုသရတယ်ဆိုတဲ့ သတင်းတွေပေါက်ကြားလာတော့ လူထုချဉ်ဖတ်သူ့အဖိုးအ‌ပေါ် အများပြည်သူတွေက မေတ္တာ‌တုံးပြီး မုန်းတီးနာကျည်းမှုခံရတာမို့ သူ့မြေးကို မေတ္တာမထားနိုင်ကြဘဲ ဝိုင်းကျိန်ဆဲတာကိုခံခဲ့ရပါတယ်။ 

ချစ်ခင်နှစ်သက်ရသူတွေနဲ့ ကွေကွင်းကြရ၊ အသက်တွေဆုံး ဘဝတွေဆုံးရပြီး ရင်နဲ့မမျှ‌အောင်ခံစားခဲ့ရတဲ့ အများပြည်သူတွေက လူထုချဉ်ဖတ်အာဏာရှင်မြေးအပေါ် ဘယ်လိ မေတ္တာစူးရောက်ပြီး တုံ့ပြန်ကြသလဲဆိုတာ မသင့်တော်တာမို့ ရေးမပြတော့ပါဘူး။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံသူနိုင်ငံသားတွေအပေါ် ထားရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ စေတနာမေတ္တာဆိုတာ သူတို့ရဲ့ရိုးသားမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ အမှန်တရားဘက်က ရပ်တည်မှု၊ ပြည်သူလူထုအပေါ် ရင်ဝယ်သားပမာ တန်ဖိုးထားမှု စတဲ့သူတို့ရဲ့လုပ်ရပ်တွေ၊ အလုပ် ၃ ပါး ကပ်တွေကနေ မေတ္တာရောင်ပြန်တဲ့ သာဓကအဖြစ် - လူထုခေါင်းဆောင်ရဲ့အချစ်တော်ခွေးလေး တိုက်ချီတိုနဲ့ လူထုချဉ်ဖတ် စစ်အာဏာရှင်ရဲ့မြေးတို့အပေါ် ပြည်သူလူထုရဲ့ တုံ့ပြန်မေတ္တာထားမှုဟာ သံဝေဂရစရာ ဖြစ်ခဲ့ရတယ်ဆိုတာပါဘဲ။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024