ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၇ ရပ်ကွက်ရှိ ကောင်းလက်ရာ လက်ဖက်ရည်ဆိုင်မှာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား တစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက ကနဦးသိရပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးက “မနက် ၁၀ နာရီ ခွဲလောက်၊ အဲ့လူက လက်ဖက်ရည်ဆိုင်ထိုင်နေတာ၊ ဘယ်သူမှန်းမသိတဲ့ လူရောက်လာပြီး သေနတ်နဲ့ ၅ ချက် ပစ်တာ။ပစ်ပြီး ပြေးတာပဲ။” လို့ ပြောပါတယ်။
အခင်းဖြစ်ရာနေရာကို သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးကလည်း “သေနတ်သံတွေကြားပြီး လက်ဖက်ရည်ဆိုင်ထဲက သေနတ်သံဆိုလို့ သွားကြည့်တာ။ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အမျိုးသားတစ်ဦးသေနေတာပဲတွေ့ခဲ့တာ” လို့ ပြောပါတယ်။
သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကာ သေဆုံးသူက ဘယ်သူဖြစ်တယ် ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ လတ်တလောမသိရသေးဘူးလို့ ဆိုပါတယ်။
သာကေတမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၃ နာရီကျော်ကလည်း ပေါက်ကွဲသံ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။