လေရှီးက ဖေကြီး ဟိုဘက် တပတ်က ‘အာဝါဒေး’ ဆိုတဲ့ စာလေးတစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ ဒီတစ်နှစ်အတွင်း ရောက်ခဲ့တဲ့ရွာတွေမှာ လွတ်လွတ်လပ်လပ်ကြီးကို ပြုလုပ်နေကြတဲ့ ကြက်ဝိုင်း၊ အံစာတုံးဝိုင်း၊ ဖဲဝိုင်း၊ ဂျုံးဂျုံးကျဝိုင်း၊ လေးကောင်ဂျင်ဝိုင်း၊ အရက်ဝိုင်းတွေအကြောင်းပါ။
အာဏာပိုင်တွေကိုယ်တိုင် ‘လွှတ်ပေး’ထားတဲ့ ဝိုင်းပေါင်းစုံအကြောင်းပေါ့။ လူတွေ အဲသည်လို အရက်တွေ၊ ကြက်တွေ၊ လောင်းကစားတွေ၊ မူးယစ်ဆေးဝါးတွေဘက်ကို အာရုံရောက်နေစေဖို့ စနစ်တကျ စီမံဖန်တီးထားတဲ့ အကြောင်းတွေပါ။
အဲသည်ရက်က စောဆာကီးလားနဲ့ လိုက်သွားဖြစ်လို့ တွေ့ကြုံခွင့်ရခဲ့တာပေါ့။ အဲဒီ ရွာစဉ်ရွာဆက်အတော်များများမှာ အဲသည်လို ‘အာဝါဒေး’ တွေ အမြဲမပြတ် လုပ်ခွင့်ပြုနေတယ် ခင်ဗျ။ “မင်းတို့ အဲသည်ဘက်မှာ ပျော်ကြ မြူးကြ၊ ဒါမှ ဒီဘက်က နိုင်ငံ့အရေးကို မေ့နေမှာ” ဆိုတဲ့ စေတနာဆိုးနဲ့ပေါ့ဗျာ။
နောက် တစ်ပတ် ဆယ်ရက်လောက်ရှိတဲ့ တစ်မနက်မှာ စောဆာကီးလား ကျနော် နေခွင့်ရတဲ့အိမ်ကို အစောကြီး ပေါက်ချလာပါသဗျ။
“ဟေ့ ဆာကီးလား အစောကြီးပါလားဟ”
“သတင်းထူးလို့ ဆရာကြီး ရေ့”
“ဟာ . . . ဟုတ်လား၊ မအလ သေပြီလား”
“ဟား ဟား ဟား ဟား ဟား ဟား”
သူ အားပါးတရ ရယ်ချလိုက်ပါတယ်။ ပြီးမှသူ့သတင်းကို ပြောပါတယ်။
မအလတော့ မသေသေးဘူး ရှိသေးတယ်တဲ့။ မရှိတော့ တာကတော့ ရွာထိပ်ကုန်စုံဆိုင်က ပစ္စည်းတွေနဲ့ ဆိုင်ရှင်ရဲ့ ဆိုင်ကယ်တဲ့ ခင်ဗျ။
“အကြောင်းစုံ လင်းပါအုံး ဆာကီးလား”
ညက အဲသည်ကုန်စုံဆိုင် အဖောက်ခံရပြီး ပိုက်ဆံတွေရော၊ ပစ္စည်းတွေရော မော်တော်ဆိုင်ကယ်ပါ ‘မ’ သွားကြပါသတဲ့။
ပြန်ရောင်းလို့ရမယ့် အဖိုးတန်ပစ္စည်းကောင်းတွေကို ရွေးယူသွားကြောင်း၊ အတော်များများ ပါသွားလို့ ‘အုပ်စုလိုက်’ ဖောက်တာလို့ တွက်ဆကြကြောင်း ပြောပါတယ်။
“ကျနော်တို့ရွာတွေဘက်မှာ အရင် လေး ငါး ဆယ်နှစ်အတွင်း ဒီလိုဟာမျိုး မကြုံဖူးကြဘူး ဆရာကြီး။ အခုမှပဲ ကြုံဖူးတာ”
“အခြားရွာတွေကော ဘာကြားသေးလဲ”
“ကြားတယ် ဆရာကြီး၊ ကြားကြားနေရတယ်။ ဟိုဘက် နှစ်ရက် သုံးရက်ကပဲ ဟိုဘက်ရွာက စောမိုးဇက်အိမ် အဖောက်ခံရသေးတယ်တဲ့”
သို့ဖြင့် အိမ်အပြင်ဘက်မှာ ဘာပစ္စည်းမှ မထားရဲကြတော့ကြောင်း၊ အိမ်တံခါးတွေ ဆိုင်တံခါးတွေလည်း ပြန်ပြီးပြင်ကြ ပြုကြကြောင်း။
တချို့က ခြံလုံအောင်ဆိုက ‘အိမ်စောင့်ခွေး’တွေ မွေးဖို့ ပြင်ကြဆင်ကြနဲ့ အလုပ်တွေ ရှုပ်ကုန်ကြပါကြောင်း ကြားသိရပါလေ၏။
ည ညဆို အရင်ကလို စိတ်ချလက်ချ အိပ်ကောင်းခြင်းလည်း မအိပ်ရတော့။ ချိုးချိုးချွတ်ချွတ်သံ ကြားရင် ထကြည့်ရပြုရနဲ့ အလုပ်ပိုတွေ လုပ်နေကြရပြီပေါ့။ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ကြရတော့ လူတွေလည်း လန်းလန်းဆန်းဆန်း မဟုတ်ကြတော့ပါ။
“ဘာကြောင့် ဒီလိုတွေ ဖြစ်လာတာလို့ ဆရာကြီး ထင်သလဲဗျ”
“ဟိုအရင်က လုံး၀ မဖြစ်ဖူးဘူး နော်”
“ဟုတ်တယ် ဆရာကြီး၊ အရင်က အစဉ်အလာ လုံးဝကို မရှိဘူး။ ဟို ‘အိမ်စောင့်တိရစ္ဆာန်တွေ’ တက်လာပြီး ဟို အာဝါဒေးတွေ လွှတ်ပေးမှ ဖြစ်လာတာဗျ”
“ဟား ဟား ဟား ဟား ဟား ဟား”
“ဆရာကြီးက ဘာ ရယ်နေတာတုံး”
“သဘောကျလို့ပါ ဆာကီးလား ရာ”
ရွာသူရွာသားတွေကို ‘အာဝါဒေး’ တွေနဲ့ လုံးလည်လိုက်စေပြီး အဆုံးအရှုံးတွေ ဖြစ်ပေါ်စေတယ်။ ဒီတော့ ခိုးမှုတွေ၊ လုမှုတွေ၊ ရိုက်မှုတွေ အနုကြမ်းစီးမှုတွေ ဓားပြမှုတွေ အမြောက်အမြားကို ပေါ်ပေါက်လာစေပါတယ် ခင်ဗျ။
“ ‘အာဝါဒေး’ ဆိုတဲ့ ‘ငါတို့နေ့’ တွေထဲမှာ ယစ်မူးပျော်ပါးပြီး နောက်ဆုံး နစ်မွန်း ငိုကြွေးကြရတဲ့အခါ ‘အာဝါနိုက်’ ဆိုတဲ့ ‘ငါတို့ည’ တွေဟာ မလုံခြုံတော့ဘူးပေါ့ဟာ”
ဖေကြီး (လေရှီး)