စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ CDF-KKG ကနေသိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီအောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မနေညနေပိုင်းမှာ CDF-KKG နဲ့ CDF-ဟားခါး ပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက်ဝင်တိုက်ခဲ့တာလို့ CDF-KKG ရဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်သလို စစ်ကောင်စီတပ်တွေဘက်ကလည်း ပြန်လည်ခုခံပစ်ခတ်တာကြောင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။”
နှစ်ဖက်တိုက်ပွဲအတွင်းမှာ CDF မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရန်ကြီးအောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မနက်ပိုင်းကလည်း CDF-KKG နဲ့ RKDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ဒဏ်ရာရရှိသွားပြီး စစ်ကောင်စီတပ်စခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာဒေသခံပြည်သူတွေကို ပြည်သူ့စစ်ဖွဲ့ဖို့ ဖိအားပေးစည်းရုံးတာတွေ လုပ်ဆောင်ခဲ့သလို ၃ ရက်အတွင်း ရွာကနေတိမ်းရှောင်ပေးဖို့နဲ့ မလိုက်နာရင် ရွာကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ၄ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။