ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်ထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှာ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီကျော်က ဗုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါ ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို SSUG PDF (တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့)က ပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတည်ပြုနေတယ်လို့ SSUG PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဗုံးကွဲမှုနဲ့ပတ်သက်ပြီး ဒေသခံတဦးက “ နေ့လယ် ၁ နာရီကျော်လောက်က ကြံ့ခိုင်ရေးရုံးထဲ ဗုံးပေါက်တယ်ကြားတာ။ လက်ပစ်ဗုံးနဲ့ ထုသွားတာ။ လူထိခိုက်မှုတော့ မကြားဘူး” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ည ၇ နာရီကလည်း ၂၅ ရပ်ကွက် မြိတ်လမ်းနဲ့ ပုလဲရတနာလမ်းထောင့် ၊၂၅ ဘောလုံးကွင်းအနီး စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကင်းတဲကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါတယ်။