စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေနဲ့ သုံးစွဲနေတဲ့သူတွေကို ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ပူးပေါင်း ဖမ်းဆီးခဲ့ပါတယ်။
ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့မှာ ဖေဖော်ဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ မူးယစ်ဆေးဝါး ရောင်းချသူ ၄ ဦးနဲ့ သုံးစွဲသူ ၅ ဦး စုစုပေါင်း ၉ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့လည်း ကလေး PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒေသတွင်းမှာလည်း မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေ လျော့ပါးသွားနိုင်တဲ့အတွက် အခုလို ကလေး PDF တပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေအပေါ် ဒေသခံတွေအနေနဲ့ ကြိုဆိုနေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးရောင်းချမှုနဲ့ သုံးစွဲမှုတွေ မပြုလုပ်ကြဖို့ကိုလည်း သတိပေးတားမြစ်ချက်တွေ ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။