စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၁၁ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖျက်ဆီးမီးရှို့တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ မြိုနယ် အန်အယ်လ်ဒီပါတီရုံးကို စခတွေ ညကင်းလှည့်ရင်းခွဲတာတွေ လုပ်တယ်။ ပထမ မိုင်းနှစ်လုံး ထောင်ဖောက်ခွဲတာ။ အပြင်ကနေ ဖောက်ခွဲတာဆိုတော့ အပျက်စီးကတော့ အတွင်းပစ္စည်းတွေ အကုန်ပျက်စီးမယ်။ နောက်တော့ တံခါးတွေ ဖျက်ဆီးပြီး အကုန်မီးရှို့ပစ်တယ်။ ဘာလိုအဲလိုလုပ်ရတာလဲဆိုတော့ဗျာ ပြည်သူတွေက ဒီပါတီကိုချစ်တယ်။ ဒီပါတီရုံးကို ဖျက်ဆီးတယ်ဆို ပြည်သူတွေကမခံနိုင်ဖြစ်မယ်။ အဲလိုဖြစ်တော့ သူတို့က ပြည်သူကို စိတ်တိုအောင်လုပ်ပြီး တိုက်ပွဲခေါ်တယ်ဆိုတာ အသိသာကြီးပါဗျ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒီပဲယင်းမြို့ ကံပြားရွာ အနောက်ဘက်လယ်ကြားလမ်းက မစိုးရိမ်ရွာဘက်ကို လက်နက်အင်အား၊ လူအင်အား အများအပြား နဲ့ စစ်ကြောင်းထိုးနေတာကြောင့် မစိုးရိမ်ရွာ၊ ပျော်ဘွယ်ရွာ၊ ခြုံရွာ၊ ကြည်ကုန်းရွာ၊ ချောင်းရိုးရွာက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ရွာသားတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ အသွားအလာကို အထူးဂရုစိုက်နေထိုင်ကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က အသိပေးတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။