မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၇ နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် အားကစားပြိုင်ပွဲနဲ့ ကဗျာရွတ်ပွဲတွေ ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF-ဆောရဲ့ ပြည်သူ့ဆက်ရေးဌာနကနေ သိရပါတယ်။
ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေးဌာနတို့ စုပေါင်းပြီး PDF ထိန်းချုပ်နယ်မြေတွေမှာ မနေ့ မနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၇ နှစ်ပြည့်မွေးနေ့ အထိမ်းမှတ် ကျောင်းသားကျောင်းသူတွေကို အားကစားပြိုင်ပွဲနဲ့ ကဗျာရွတ်ပွဲတွေ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ PDF ဆောရဲ့ ပြည်သူ့ဆက်ဆံရေး တာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာ လွတ်လပ်ရေးဖခင်၊ နိုင်ငံ့ခေါင်းဆောင်က ဘယ်သူဆိုတာကို အနာဂတ်ကလေးတွေကို သိစေချင်တာရယ်။ NUG ပြည်သူ့အစိုးရရဲ့အောက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ကြားက ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနဲ့ PDF တွေပူးပေါင်းပြီး နယ်မြေစိုးမိုးမှု ဘယ်လောက်ရှိတယ်ဆိုတာကို ပြသချင်လို့ ကျင်းပရတာဖြစ်တယ်။”
နောက်ပြီးတော့ PDF တွေထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူလူထုတွေဟာ PDF တွေနဲ့ အနီးကပ် ဆက်ဆံမှုရှိတယ်ဆိုတာရယ်၊ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ဘယ်လောက်ထိ သက်ရောက်နေပြီဆိုတာ ပြသချင်တာကြောင့် ပြုလုပ်ရတာလို့ ဆိုပါတယ်။
ဆောမြို့နယ်အတွင်းက ကျေးရွာတော်တော်များများမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့ပညာရေး အစီစဥ်နဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနေတာဟာ ၂ လလောက်ရှိနေပြီလို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းမှတ်အနေနဲ့ ကျောင်းသားကျောင်းသူ ၁၀၀ ကျော်လောက်ကို အားကစားပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေ၊ ကဗျာရွတ်ပြိုင်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။