မကွေးတိုင်း၊ ဆောမြို့နယ်၊ ယောမြို့ကျေးရွာကို ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်း ၉ နာရီမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၆ နှစ်အရွယ် အမျိုးသား တယောက် လက်နက်ကြီးစ ရင်ဘတ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “ကျောက်ထုအမြောက်တပ်နဲ့ ကျနော်တို့ရွာက အရမ်းနီးတယ်။ မနက် ၉ နာရီလောက်က ကျနော်တို့ရွာဘက် ဦးတည်ပြီး အကြောင်းမဲ့ လက်နက်ကြီး ၁၀ ချက်လောက် ဆက်တိုက်ထုနေခဲ့လို့ ရွာထဲမှာရှိတဲ့ ပြည်သူအမျိုးသား နှစ်ယောက် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တာ။ အဲဒီထဲက အသက် ၅၆ နှစ်အရွယ် အမျိုးသားတဦးကတော့ ရင်ဘတ်ထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ကျောက်ထုအမြောက်တပ်က အနီးတဝိုက်ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ယောမြို့ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂ အိမ် ထိခိုက်ပျက်စီးခဲ့သလို ယောမြို့ကျေးရွာ ရွာလယ် ဘုရားကုန်းမှာ တည်ထားကိုးကွယ်တဲ့ လောကမာန်အောင် ရှေးဟောင်းသမိုင်းဝင်စေတီတော်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ ဒေသခံပြည်သူတဦးက “လက်နက်ကြီး ဆက်တိုက်ထုနေတော့ ဒဏ်ရာရတဲ့သူတွေကို ချက်ချင်း မကယ်ထုတ်နိုင်ခဲ့ဘူး။ အရေးပေါ်ကယ်ဆယ်ဖို့သွားတော့ ရင်ဘတ်ထိမှန် ဒဏ်ရာရတဲ့သူက အသက်မရှိတော့ဘူး။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီး အကြောင်းမဲ့ထုနေတာ။ စပါးရိတ်သိမ်းချိန် ဖြစ်နေတော့ ပြည်သူတွေ အလုပ်နဲ့ နေအိမ်တွေ စွန့်ခွာပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်။ အရမ်းဒုက္ခရောက်ကြရတယ်ဗျာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။
လူဦးရေ ၂,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ နေအိမ်တွေနဲ့ လယ်ယာတွေကို စွန့်ကာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။
မြိုင်မြို့အရှေ့ဘက် မြို့အဝင် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောက်ကျားနည်းဗျူဟာသုံးပြီး တာဝေးပစ်ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား တယောက် သေဆုံးခဲ့တယ်လို့ အတွင်းသတင်း ရရှိကာ မန္တလေးဂိတ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း ည ၈ နာရီခွဲလောက်က ၈၀-မမ ၁၅ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြိုင်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဒရုန်းနဲ့ 1Kg Drop ဗုံး ၁၂ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။