Home
မြန်မာသတင်း
ဘုတလင် ဇီးတောရွာသား ၁ ဦးကို စစ်တပ်က သတ်ပြီး ရွာမီးရှို့၊ ဆောမြို့နယ်၌ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၃ ဦး သေဆုံး
DVB
·
March 11, 2024
ZeeTaw village firedby SAC_11032024
Saw bullet victims_11032024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ဇီးတောစံပြအနောက်ရွာကို စစ်ကောင်စီတပ်က မတ်လ ၁၁ ရက် မနက် ၆ နာရီက ဝင်ရောက်ပြီး ရွာသားတယောက်ကို သတ်ဖြတ်ကာ ရွာကိုမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ နမခအထိုင်စခန်းအနီး ပြည်သူ့ကာကွယ်ရေးတပ်တွေ လာရောက်ပစ်ခတ်လို့ မရအောင် နေ့စဉ် ကင်းပတ်ပြီး ဒေသခံပြည်သူတွေရဲ့ ကျေးရွာတွေကို အကြောင်းမဲ့ မီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးတောရွာသားတဦးက “စိတ်တွေလည်း ပျက်လှပါပြီဗျာ။ မဆိုင်တဲ့ ကျနော်တို့အိမ်တွေကို တိုက်ပွဲမဖြစ်ဘဲနဲ့ အကြိမ်ကြိမ် မီးရှို့နေတာပါ။ မင်းအောင်လှိုင်ရဲ့ စစ်တပ်က ရှို့တာဗျ။ ရွာကိုမီးရှို့တဲ့ အကြောင်းအရင်းကတော့ သူတို့ရှို့လို့ရလို့ကို ရှို့နေကြတာ။ သူတို့ ရွာထဲ အကြိမ်ကြိမ် ဝင်ရှာဖွေနေတာပဲ။ ဘာမှမတွေ့ဘဲကို ရှို့နေတာ။‌‌ ဒီနေ့ မီးရှို့တာက လူနေအိမ် ၁၃ လုံးနဲ့ နွာစာတိုက်/နွားတဲ ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်ဗျ။ နောက်ပြီး အပြစ်မဲ့ရွာသားတဦးလည်း ပစ်သတ်သွားတယ်။ ပြည်သူ ၂ ဦးလည်း ကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်” လို့ ပြောပါတယ်။

ဇီး‌တောရွာကို စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်တွေက ရွာကို မီးရှို့တဲ့ အကြိမ်အရေတွက်ဟာ ၅ ကြိမ်အထိရှိနေပြီး ၂၀၂၂ ဩဂုတ် ၁၂ ရက်က ပထမအကြိမ်မှာ လူနေအိမ် ၅၅ လုံး၊ အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၈ ရက်က ဒုတိယအကြိမ် လူနေအိမ် ၂ လုံး၊ တတိယအကြိမ်မှာ လူနေအိမ် ၆၀၊ စတုတ္ထအကြိမ် ၂၀ နီးပါးအထိ မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူရာနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေထိုင်စားသောက်စရာ အရေးပေါ် လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ ရွာကိုမီးရှို့ပြီး မုံရွာမြို့နယ် ကြီးဗဒုံရွာဘက်ကို ထွက်သွားတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ငလွန်းကျေးရွာမှာလည်း စစ်တပ်လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၉ ရက် ညနေ ၃ နာရီခွဲက ဆောမြို့နယ်၊ ကျောက်ထုမြို့၊ သရက်ချဉ်ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက ငလွန်းရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ၂ လုံးက ငလွန်းရွာထဲက နေအိမ် ၂ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ငလွန်းရွာမှာနေထိုင်တဲ့ ဦးဆန်းဝင်းကြီး အသက် ၅၀ နှစ်၊ သမီးဖြစ်သူ မသဲသဲမာ ၂၄ နှစ်၊ ဦးဆန်းဝင်းလေး ၄၈ နှစ်တို့ နေရာမှာ သေဆုံးခဲ့ပါတယ်။

ငလွန်းရွာသားတဦးက “အရှေ့ကို တလုံးကျတယ်၊ အနောက်ကို တလုံးကျတယ်၊ ရွာရဲ့ ဘေးပတ်ချာလည်ပေါ့၊ များတော့များတယ် ၁၅ လုံးဝန်းကျင်လောက်ရှိမယ်၊ တိုက်ပွဲတော့မရှိဘူး၊ အဲ့နေ့က လေယာဉ်တွေလည်း ဝဲတယ်၊ လေယာဉ်ဝဲရင်းနဲ့မှ လက်နက်ကြီးနဲ့ ထပ်ပစ်တာ၊ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ပစ်လိုက်တာ” လို့ ပြောပါတယ်။

သေဆုံးသူတွေရဲ့ အသုဘကိုတော့ မတ်လ ၉ ရက် ညနေပိုင်းမှာပဲ ချက်ချင်းပြုလုပ်ခဲ့ပြီး ရက်လည်ဆွမ်းသွတ်ကိုတော့ မတ် ၁၂ ရက်မှာ ပြုလုပ်သွားမယ်လို့ ရွာခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013