စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်ထဲက ထမင်း ဟင်းတွေမှာ ဗီတာမင်လုံလောက်မှု မရှိတာကြောင့် နိုင်ငံရေးအကျဥ်းသား ၅ ဦး အောက်ပိုင်းချည့်နဲ့တဲ့ ရောဂါဝေဒနာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက်က မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ကွန်ရက် တာဝန်ရှိသူတဦးက “အကျဥ်းထောင်ကကျွေးတဲ့ အစားအသောက်က လောက်ငမှု မရှိတာရယ်။ တပတ်လုံးနေလို့ ထောင်ကကျွေးတဲ့ ပမာဏက အင်မတန်နည်းတာဖြစ်တာရယ်၊ စစ်ရေးကာလမှာ မိသားစုက ပါဆယ်ပုံမှန်မပို့နိုင်တဲ့အခါမှာ အကျဥ်းသားတွေမှာ ကိုယ်ခံအားတွေ တဖြည်းဖြည်း လျော့နည်းလာတယ်။ နိုင်ငံရေးအကျဥ်းသားမှ မဟုတ်ဘူး၊ အကျဥ်းသားတိုင်း ဖြစ်တတ်တာမျိုးပေါ့” လို့ ပြောပါတယ်။
အောက်ပိုင်းချည့်နဲ့ရောဂါလက္ခဏာကို ထောင်အခေါ်အဝေါ်အရ တုတ်ဆွဲတယ်လို့ခေါ်ပြီး ရောဂါလက္ခဏာတွေက ခန္ဓာကိုယ်အောက်ပိုင်း ပျော့လာတာ၊ အောက်ပိုင်းသေသလို ဖြစ်တာ၊ ညောင်းညာကိုက်ခဲပြီး လမ်းမလျှောက်နိုင်တော့တာ၊ ပြန်လည်သက်သာလာတဲ့အချိန်မှာ လမ်းလျှောက်ရင် ထော့နင်းထော့နင်းဖြစ်တာ၊ အပေါ့အပါးသွားဖို့ ခက်ခဲလာတာ၊ စိတ်ဓာတ်ကျရောဂါတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေက လုံလောက်တဲ့အာဟာရ ထောက်ပံ့မှုမရှိတာ၊ ထောင်ထမင်းဟင်းတွေက ဗီတာမင်ပါဝင်မှု လျော့နည်းတာ၊ အခန်းကျဥ်းထဲမှာ အကျဥ်းသားများစွာ ပြွတ်သိပ်နေထိုင်ရတာ၊ လှုပ်ရှားသွားလာလို့ရတဲ့ ဧရိယာကျဥ်းလွန်းတာ၊ အခန်းတွင်း ပိတ်လှောင်မှု များပြားတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“လစဥ် အကျဥ်းသား ၅ ယောက်လောက်က ပုံမှန်ဖြစ်နေတယ်။ လက်ရှိဆိုရင် အကျဥ်းသား ၅၀ အထက် ဖြစ်ပွားခဲ့ပြီးပြီ။ တချို့ကျတော့ ပြန်သက်သာလာပေမဲ့ လမ်းလျှောက်တဲ့အချိန် တစောင်းကြီး ဖြစ်သွားတာမျိုးတွေ ရှိတယ်ပေါ့နော်။”
ရွှေဘိုအကျဥ်းထောင်ထဲမှာ တလကို အကျဥ်းသား ၅ ဦးနှုန်းက အောက်ပိုင်းချည့်နဲ့ပြီး လမ်းမလျှောက်နိုင်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ စစ်ကောင်စီတပ် အာဏာသိမ်းပြီးချိန်ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၆,၀၀၀ ကျော်အထိ ရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထောင်တွင်း ဆေးဝါးလုံလောက်မှု မရှိတာကြောင့် နိုင်ငံရေးအကျဥ်းသားနှစ်ဦး သေဆုံးခဲ့ရပါတယ်။