မကွေးတိုင်း ဆောမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ YDF(ဆော၊ကျောက်ထု) ကနေ သိရပါတယ်။
ဆောမြို့နယ်ထဲမှာ မနေ့ မနက် ၆ နာရီလောက်က စစ်ကောင်စီယာဥ်တန်း ၁၆ စီး အင်အား ၃၀၀ လောက်ကို ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ တစ်နာရီကျော်ကြာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ YDF(ဆော၊ကျောက်ထု)ရဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
အဲဒီစစ်ကောင်စီယာဥ်တန်းကို YDF(ဆော၊ကျောက်ထု)၊ (PDF-ဆော)၊ CDF(ကန်ပက်လက်)၊ CNF/CNAနဲ့ ပေါက်မြို့နယ်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ယာဥ်တန်းဟာ အထိနာတာကြောင့် ရှေ့ကို ဆက်မတိုးရဲဘဲ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာမှာပဲ ရပ်တန့်နေကြတယ်လို့ ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆောမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့နေ့လယ်ပိုင်းကလည်း စစ်ကောင်စီယာဥ်တန်းကို YDF(ဆော၊ကျောက်ထု)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံး သူရှိနိုင်တယ်လို့ သိရပါတယ်။
ဆောမြို့နယ်အတွင်းမှာ အချိန်မရွေး တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ ဆော-ကျောက်ထုလမ်းပိုင်းနဲ့ ဆော-ကန်ပက်လက် လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာတွေ လုံးဝမပြုလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။
နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။