ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စု လမ်းမပေါ်ရှိ သိန္နီ - ကွမ်လုံ လမ်းဆုံမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ခွဲဝန်းကျင်လောက်က ယာဉ်တိုက်မှုကြောင့် ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအသင်းနဲ့ မျက်မြင်ခရီးသွားတွေက ပြောပါတယ်။
“သိန်းနီ ကွမ်းလုံ သွားတဲ့ လမ်းဆုံ ယာဉ်တိုက်မှု။ အရမ်းကို ထိခိုက်ကုန်ပြီ။ စိတ်မကောင်းဘူးဗျာ။ ဖြည်းဖြည်း မောင်းကြပါ” လို့ မျက်မြင် ခရီးသွားတဦးက ပြောပါတယ်။
ကားဘရိတ်ပေါက်လို့ ရပ်ထားတဲ့ကားရော ဘေးနားက လမ်းဘေေဆိုင်ရောင်းတဲ့လူရော၊ လားရှိုးသွားတဲ့ ခရီးသွားတွေပါ ထိသွားတလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့သူတွေက ကွတ်ခိုင်မြို့ ရပ်ကွက် ၄ က မရန်ရှောက်ဝေ (၂၈) နှစ်၊ သိန္နီမြို့ ရပ်ကွက် ၄ က ဦးစိုင်းဆာအောင် (၄၈) နှစ်နဲ့ ရပ်ကွက် ၃ က မစုစန္ဒီအောင်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ ကွတ်ခိုင်မြို့ခံ ၅ ဦးနဲ့ သိန္နီမြို့ခံ ၁ ဦးတို့ ဖြစ်ကြပါတယ်။
"သူတို့ပြောတာက ကားဘရိတ်ပေါက်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း သွားသယ်ပြီးမှ ဆေးရုံ ပို့လိုက်တာပဲ ရှိတယ်။ တခြားဟာတော့ မသိလိုက်ရဘူး။ မေးလည်း မမေးလိုက်ဘူးလေနော်။ ဘာတင်တဲ့ ကားလဲမသိဘူး။ ကျနော်တို့လည်း လူနာတင်ပြီးမှ ဆေးရုံပို့ပြီး ရုံးပြန်လာတာ။ ဘေးမှာနေတဲ့ လူတွေက ဆိုင်ရောင်းထားတာလေအဲမှာ။ တချို့က လမ်းဘေး ဆိုင်တွေ။ လမ်းဘေးနားမှာ။ ဒဏ်ရာရတဲ့လူတွေ တချို့က လားရှိုးသွားတာ" လို့ သိန္နီမြို့ အနှိုင်းမဲ့ ကုသိုလ် လူမှုကူညီရေး အသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိထားသူတွေကို အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းက သိန္နီပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
သိန္နီ - ကွမ်လုံ လမ်းဆုံမှာ ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားဖူးပေမယ့် အခုလို ကြီးကြီးမားမား ထိခိုက်သေဆုံးတာမျိုး မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။