မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၂၈ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၈ နာရီခွဲလောက်က ဖမ်းဆီးရမိတယ်လို့ နယ်မြေခံ ထိုင်းလုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။
ကရင်ပြည်နယ်၊ မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့ မယ်တော်ရပ်ကွက် ၂ မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရောက်ရှိကြောင်း သတင်းရရှိတာကြောင့် မဲဆောက်မြို့ လုံခြုံရေးအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး နိုင်းကျောင်း ဒီးပစေ့အိမ်ကို ရှာဖွေပုံစံနဲ့ ဝင်ရောက်ရှာဖွေရာမှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ဦးအား တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေမှာ ပြည်ဝင်ခွင့်စာရွက်စာတမ်း မရှိတာကြောင့် တရားမဝင်နိုင်ငံခြားသားတွေကို ကူညီပံ့ပိုး လက်ခံမှုနဲ့ အိမ်ရှင်အပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၉ ဦးတို့ကို မဲဆောက်မြို့မရဲစခန်းကို လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။