ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်နေ လူငယ်တယောက်ဖြစ်တဲ့ ကိုဇော်ဟိန်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက် ၄ နာရီခွဲ လောက်က နေအိမ်ပြင်ပအလုပ်သွားတဲ့ အချိန်လမ်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက စောင့်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ပြောပါတယ်။
"သူ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ နိုင်ငံရေးပိုစ့်နဲ့ သွေးထိုးလှုံ့ဆော်မှုတွေ တင်လို့ဆိုပြီး လာဖမ်းသွားတာ ပါ။ စောင့်ကြည့်သတင်းပေးတဲ့ လူ ရှိလို့ထင်တယ်။ သူ့ကိုဘယ်နေရာကို ဖမ်းသွားတယ်ဆိုတာ ခုထိမသိရသေးဘူးလို့ " ဒေသခံက ပြောပါတယ်။
အလားတူ ဖော်ဖေဖော်ဝါရီ ၂၈ ရက်ကလည်း နောင်ချိမြို့နယ် ကံကြီးကျေးရွာမှာ နေထိုင်သူ အသက် ၁၉ နှစ် အရွယ် အမျိုးသမီးငယ်တယောက် ဖမ်းဆီးခံရပြီး နောက်တနေ့မှာ အမှုနှစ်ခုဖွင့်ကာ တရားစွဲဆို ခံထားရပါသေးတယ်။
စစ်ကောင်စီက ဖေ့စ်ဘွတ်စ်လူမှုကွန်ရက်တွေကို စောင့်ကြည့်ကာ ပို့စ်တင်တဲ့ ပြည်သူလူထုတွေကို နေ့စဉ်ဖမ်းဆီးနေရာမှာ သီတင်းတပတ်ကျော်ကာလအတွင်း ဖမ်းဆီးအရေးယူခံရသူပေါင်း ရာနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။