မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁ နာရီ ၄၅ မိနစ် က စစ်ကောင်စီ ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး မြစ်သားမြို့နယ်ရဲမှူးအပါအဝင် စစ်ကောင်စီ တပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းက ဘုပ်ကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကို လာစစ်ဆေးတဲ့ စစ်ကောင်စီ တပ်သား ၂၀ ဝန်းကျင်ပါ ယာဥ်တန်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
"ညက မိုင်းဆွဲဖောက်ခွဲခဲ့တဲ့ တာဝါတိုင်ကို လာရောက်စစ်ဆေးပြီးအပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ "လို့ ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မိုင်းဆွဲခံရတာကြောင့် မြစ်သားမြို့နယ်ရဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃ ယောက် ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာပြင်းထန်တဲ့ စစ်ကောင်စီ တပ်သား ၄ ယောက်ကတော့ မြစ်သားမြို့နယ်ဆေးရုံမှာ ကုသနေတယ်လို့သိရပါတယ်။
ဒီနေ့မနက်ပိုင်းက မြစ်သားမြို့နယ်ဆေးရုံမှာဆေးကုသနေတဲ့ စစ်ကောင်စီ တပ်သား တယောက် ထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။
အဆိုပါဖောက်ခွဲမှုကို ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ မြစ်သားမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။