ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်မှာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ကျောက်ဂူ တိုက်နယ်ရှိ ကျေးရွာ ၂၆ ရွာက ပြည်သူတွေ ဘေးလွတ်ရာထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“ကျောက်ဂူရွာတိုက်နယ်ထဲမှာ ခုချိန်ထိ တိုက်ပွဲဖြစ်နေတုန်း၊ ပေါ်တာခေါ်မယ် အဲလိုသတင်းကြားလို့ အကုန်တောထဲ ထွက်ပြေးကုန်ပြီ။ မိန်းကလေးတွေတော့ ဘုန်းကြီးကျောင်းမှာခိုလှုံနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံ ပြောပြချက်အရသိရပါတယ်။
“အခု ကျောက်ဂူက ပြောင်းပွဲရုံတစ်ရုံလည်း လက်နက်ကြီးထိပြီး နှစ်ခြမ်းကွဲသွားတယ်၊ ပိုင်ရှင်လည်း ထွက်ပြေးရပြီ” လို့ ဆိုပါတယ်။
မနေ့ကလည်း နောင်ဝိုးတိုက်နယ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ကျောက်ဂူတိုက်နယ်ထဲ ကူးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။