ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာအနီး ဖေဖော်ဝါရီ ၇ ရက် ည ၁၁ ရာရီကျော်မှာ တောင်ပြိုဘက်ကနေ ဒဏ်ရာရလူနာတွေ တင်ဆောင်ပြီး ဆင်းလာတဲ့ စစ်တပ်ကားမိုင်းဆွဲခံရမှုမှာ အရပ်သား ၂ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကားက သစ်တွေ၊ ဝါးတွေတင်ဆောင်နေတဲ့ ဖားဝပ်ချောင်းကျေးရွာကကား။ စစ်တပ်က ဒဏ်ရာရရှိသူတွေကို တင်ဆောင်ဖို့ ချောဆွဲလာတာ။ မိုင်းဆွဲခံရတော့ ကားပိုင်ရှင်အမျိုးသမီးနဲ့ ကားဒရိုင်ဘာပါပါသွားတာ။ စစ်တပ်ဘက်က ၁၃ ဦးကျတယ်လို့တော့ ပြောသံကြားတယ်” လို့ ငန်းချောင်းဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က မောင်တောမြောက်ပိုင်း တိုက်ပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ဘက်က ကင်းစောင့်ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့ နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော်တို့ တိုက်ပွဲတွေ ပြင်းထန်လာနေတာပါ။
တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ ညအချိန်က သစ်၊ ဝါး တင်ကားနဲ့ ကြိမ်ချောင်ဆေးရုံက လူနာတင်ယာဉ်အပါအဝင် ကား ၃ စီး မောင်တောဘက်ကို ဆင်းလာစဥ် ငန်းချောင်းကျေးရွာအနီးမှာ ချောဆွဲလာတဲ့ သစ်ဝါးတင်ကား မိုင်းဆွဲခံရကာ နာရီဝက်လောကြာ နှစ်ဖက် တိုက်ပွဲဖြစ်ပွါးခဲ့ကြတာပါ။
“ကြိမ်ချောင်းက အမ်းဗျူးလမ်းနဲ့ နောက်စစ်တပ်ကားတစ်စီးကတော့ မောင်တောဘက်ကို လူနာတွေတင်ပြီး ပြန်ဆင်းသွားတယ်။ တေဘာကား(သစ်ဝါးတင်ကား) တစ်စီးသာမိုင်းထိပြီး ပါလာတဲ့လူတွေ အားလုံးနီးပါ သေဆုံးသွားတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မီးတိုက်ကျေးရွာရဲ့ အရှေ့မြောက်ဘက်မှာ တိုက်ပွဲထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲမှာ စစ်တပ်ဘက်က ကျဆုံးမှုရှိတယ်လို့ အေအေတပ်ဖွဲ့က ပြောဆိုထားပါတယ်။
လက်ရှိမှာ နှစ်ဘက် စစ်ရေးပိုတင်းမာလာနေပြီး ဝေလာတောင်ကျေးရွာဘက်မှာလည်း ဒီနေ့မနက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲခံရတာကြောင့် သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။