Home
မြန်မာသတင်း
မန္တလေးခရိုင်အတွင်း မီတာမဆောင်သည့်အိမ်များကို စစ်ကောင်စီတပ်က မီးလိုက်ဖြတ်‌
DVB
·
February 7, 2022
273431539_1637219343309489_4977396174081011018_n
Mandalay EPC Cut

မန္တလေးတိုင်း မန္တလေးခရိုင်အတွင်း လျှပ်စစ်မီတာခ မဆောင်သူတွေကို စစ်ကောင်စီ လက်နက်ကိုင်တွေက တအိမ်တက်ဆင်း လိုက်လံစစ်ဆေးမီးဖြတ်နေပြီး ကျောက်ဆည်မြို့မှာတော့ မီတာခ အဆမတန်ကောက်ခံနေတဲ့ မီးလင်းရေးကော်မတီဝင်နှစ်ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးခရိုင် မြို့နယ် ရပ်ကွက်တချို့မှာ အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပြီး ဓာတ်တိုင်ပေါ်တက် မီးကြိုးဖြုတ်သူတွေအပါအဝင် အင်အား ဆယ်ဦးလောက်နဲ့ မီတာခဆောင်ထား မထားကို တအိမ်တက်ဆင်း လာစစ်ဆေးကာ မီတာခ မဆောင်ထားပါက မီးကြိုးတွေကိုပါ ဖြုတ်သိမ်းတယ်လို့ ချမ်းမြသာစည်မြို့နယ်နေသူတွေဆီက သိရပါတယ်။ 

မီတာခ ပေးဆောင်ရာမှာလည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ မီတာခကျသင့်ငွေကို မပေးသွင်းပါက မီးဖြတ်မှာဖြစ်ကြောင်း ပြောဆိုသွားတယ်လို့ သိရပါတယ်။

မီးဖြတ်ခံရသူတွေအနေနဲ့ မီတာခသွားပေးဆောင်ခဲ့ပြီးပါက မီးကြိုးတွေကို ပြန်လည်တပ်ဆင်ပေးဖို့ လာသူတွေကို မီးတပ်ဆင်ခအပြင် လက်ဖက်ရည်ပါ တိုက်ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“စိန်ပန်းဘက်ဆိုရင် မီးပြန်လာတပ်ပေးရင် အဲ့လို တပ်တဲ့သူတွေကို မီးတပ်ခဆိုပြီး လေးထောင်တောင်းတယ်၊ တချို့ရပ်ကွက်တွေကျ တစ်သောင်း၊ စိန်ပန်းဘက်ကျ ကျောက်သူဌေးတွေ ဘာတွေဆိုတော့ သူတို့ကျ တအိမ်ကို မီးတပ်ခ မီတာတစ်လုံးကို တစ်သောင်းတောင်းတာ၊ အဲ့လိုတောင်းရုံတင်မကဘူး၊ လက်ဖက်ရည်တို့ ဘာတို့ တိုက်ရသေးတာ။” 

မီတာခဆောင်ရာမှာလည်း ခွဲဆောင်လို့မရပဲ ပြီးခဲ့တဲ့ တစ်နှစ်လုံးစာပေးဆောင်မှ ရမှာဖြစ်ကြောင်း လက်နက်ကိုင် စစ်သားတွေလိုက်ပါစောင့်ရှောက်ပေးနေတဲ့ EPC ဝန်ထမ်းတွေက ပြောတယ်လို့ ချမ်းအေးသာစံမြို့နယ်နေသူတစ်ဦးကပြောပါတယ်။ 

မီတာကြေး မဆောင်ပါက လျှပ်စစ်မီးပြန်ပေးမှာ မဟုတ်ကြောင်းနဲ့ ခွဲဆောင်ဖို့ကိုလည်း လက်မခံဘူးလို့ သိရပါတယ်။ 

ချမ်းအေးသာစံမြို့နယ်အတွင်းက ရပ်ကွက်တချို့မှာတော့ မီတာကြေးကျသင့်ငွေအားလုံးအပြင် ပြီးခဲ့တဲ့ လတွေအတွက် မီတာခမဆောင်ခဲ့တာကြောင့် ဒဏ်ကြေး ၄၀၀၀ ကျပ်၊ ဝန်ဆောင်ခအနေနဲ့ မီတာစာရွက်တစ်ရွက်ကို သုံးရာကျပ် (ဆယ်လစာ)၊ မီတာခဆောင်ပြီးတဲ့နောက် ဖြုတ်ထားတဲ့ လျှပ်စစ်မီးကြိုးတွေကို ပြန်လည်တပ်ဆင်ပေးခ ၃၀၀၀ ကျပ်၊ စုစုပေါင်း အပိုဆောင်း တစ်သောင်းကျပ်ကိုပါ ထပ်လောင်းပေးဆောင်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီတာခတွေကို သေချာ စိစစ်ခြင်းမရှိဘဲ ကောက်ခံတာတွေ၊ ဒဏ်ကြေးကို စိတ်မှန်းနဲ့ တောင်းယူတာတွေရှိတယ်လို့လည်း ပြည်ကြီးတံခွန်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူအများစုက မီတာခ မပေးဆောင်ခဲ့ကြပေမယ့် လက်နက်နဲ့တကွ လာရောက်ပြီး မီးဖြတ်တဲ့အခါမှာတော့ ပြည်သူအများအပြားဟာ ရှောင်လွှဲမရတာ့ဘဲ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနထံ မီတာခတွေ ပေးသွင်းခဲ့ကြရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ကျောကဆည်မြို့နယ်၊ မှိုင်းပန်(ရေကြည်) ရွာမှာတော့ လျှပ်စစ်မီးဖြန့်ဖြူးဖို့ မီတာခကောက်ခွင့်ကန်ထရိုက်ဆွဲပြီး ပြည်သူဆီက မီတာခ မတန်တဆကောက်နေတဲ့ လျှပ်စစ်မီးလင်းရေးကော်မတီ ဥက္ကဋ္ဌနဲ့ ကော်မတီဝင်တစ်ဦး အသတ်ခံရတယ်လို့ သိရပါတယ်။

မှိုင်းပန်ရွာဟာ အိမ်ခြေနှစ်ထောင် ဝန်းကျင်ရှိပြီး အသက်ငါးဆယ်ဝန်းကျင်ရှိ ဦးခင်မောင်ဟာ စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လျှပ်စစ်မီးလင်းရေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြည်သူတွေဆီကနေ မီတာခ မတန်တဆကောက်ခံနေကြတဲ့အတွက် သုတ်သင်ခဲ့တာလို့ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"သူတို့က တစ်လကို စစ်ကောင်စီကနေ သိန်း ၃၀ နဲ့ ကန်ထရိုက်ဆွဲထားတာ။ သူက တစ်ပတ် တစ်ပတ်ကို သိန်းတစ်ရာကျော်လောက်ရတယ်ဗျ။ သူတို့က သူတို့အမြတ်ရအောင် သုံးထောင်ကျတဲ့ အိမ်ကို သုံးသောင်းကောက်တယ်၊ လေးသောင်းကောက်တယ်၊ မပေးရင် မီတာပုံးဖြုတ်တယ်။" 

အသက်ငါးဆယ်ဝန်းကျင်ရှိ လျှပ်စစ်မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်နဲ့ ကော်မတီဝင် ဦးမြလှိုင်တို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ လေးနာရီခွဲလောက်က ကျောက်ဆည်မြို့နယ်၊ လက်ပံပင်နဲ့ ရှမ်းတောင်ငူကျေးရွာကြားမှာ မီတာကြေးသွားကောက်စဉ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာလို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်က "သူက ရွာထဲမှာ ဟိုလူ့ဖမ်းမယ်၊ ဒီလူ့ဖမ်းမယ်နဲ့ နောက်ပြီးကျတော့ ရွာထဲမှာ PDF မကြောက်လို့ ဒါမျိုးတွေလုပ်တာဆိုပြီး စိန်ခေါ်တာမျိုးတွေလည်း ရှိတယ်ဗျ" လို့ ပြောပါတယ်။

ဦးခင်မောင်ဆီမှာ စစ်ကောင်စီဘက်က ပံ့ပိုးထားတဲ့ သေနတ်တစ်လက်ရှိပြီး အဆိုပါ သေနတ်ကို ခါးကြားထိုးကာ စိန်ခေါ်ခဲ့တာရှိပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ ပြည်သူကို ဒုက္ခပေးရင် အခုလိုရှင်းလင်းမှာပဲလို့ ပြောပါတယ်။

မီးလင်းရေးကော်မတီဟာ မီတာကြေး အဆမတန်တောင်းနေသလို မီတာမဆောင်နိုင်‌တဲ့ နေအိမ်တွေကနေ မီးကြိုးဖြတ်ပြီး လျှပ်စစ်မီး ဆက်မပေးတော့တာ၊ မီတာပုံးလိုက် ဖြုတ်သိမ်းတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မှိုင်းပန်ရွာခံတစ်ဦးက "ရွာထဲက မတန်တဆကောက်တဲ့ မီတာကြေးနဲ့ သူတို့ အပျော်အပါးတွေ၊ နောက်ဆုံး ခေတ်စကားနဲ့ပြောရရင် ကေတီဗွီပေါ့၊ အဲ့ဒီကအစ သွားပျော်ပါးကြပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတဝန်းမှာလည်း မီတာခမဆောင်တဲ့ နေအိမ်တွေကို မီးဖြတ်တာ၊ ခြိမ်းခြောက်ပြီး အတင်းကျပ်ကောက်ခံတာတွေ စစ်ကောင်စီက လုပ်ဆောင်နေသလို ပြည်သူတွေဆီက မီတာခအတင်းအကျပ် ကောက်ခံနေတာကြောင့် လျှပ်စစ်ရုံးတွေကို ဒေသခံ PDF တွေက ဗုံးခွဲဖျက်ဆီးတာတွေ လုပ်နေဆောင်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024