ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာရဲ့ ၆ မိုင်အကွာ အနောက်ဘက်တောင်တန်းမှာ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းကစပြီး အခုညနေအထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်ထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီနေ့ နေ့လယ်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာ အခုညနေအထိ ဖြစ်နေကြဆဲပဲ။ လက်နက်ကြီး ပစ်သံတွေက မြေတွေတောင် ထိန့်သွားတယ်" လို့ တမန်းသားကျေးရွာသား တစ်ဦး က ဆိုပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တဲ့အတွက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွား မယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမှာ ရက္ခိုင့်တပ်တော် AA ဘက်က ကင်းစောင့်ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ အေအေ ပြောခွင့်ရ ခိုင်သုခက အတည်ပြုထားသလို စစ်ကောင်စီတပ်ဘက်ကလည်း ၂ ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မနေ့က မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကျေးရွာနားက နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၄၃ နဲ့ ငါးရံချောင်းကျေးရွာဟောင်းနားမှာ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါသေးတယ်။
ARSA အဖွဲ့အပြင် ရက္ခိုင့်တပ်တော် AA နဲ့ပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မောင်တောမြောက်ပိုင်းက ကျေးရွာနေပြည်သူတွေ စိုးရိမ်နေကြပါတယ်။
"ဒီလို နေ့စဥ်ရက်ဆက် ARSA နဲ့ ဖြစ်လိုက်၊ AA နဲ့ ဖြစ်လိုက်ဆိုတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာပေါ့"လို့ ခမောင်းဆိပ်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအခြေအနေတွေကြောင့် လက်ရှိ ရခိုင်ဒေသရဲ့ တည်ငြိမ်မှုအနေအထား ပိုမိုပျက်ပြား သွားနိုင်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တဲ့ အနေအထားရှိနေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။