စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြို့ပေါ်ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကို ပုလဲပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက် ည ၉ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့ခံ ကျားသစ်နက်အဖွဲရဲ့ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ညက ပုလဲမြို့ပေါ်ကို သွားတိုက်တယ်။ အဖွဲ့သုံးဖွဲ့ခွဲတိုက်ခိုက်ခဲ့တယ်။ တစ်ဖွဲ့က ရဲစခန်းကို တိုက်ခိုက်ကာ၊ အခြားနှစ်ဖွဲ့က ထွေအုပ်ရုံးကိုတိုက်ခိုက်တယ်” လို့ ပြောပါတယ်။
ည ၉ နာရီခွဲကနေ ၁၁ နာရီအချိန်လောက်ထိ နှစ်ဖက်အပြန်လှန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီခန့် ယင်းမာပင်ခရိုင်အုပ်ရေးမှူး ဦးမြတ်လေးနဲ့ ပျူစောထီးအဖွဲ့ဝင်အချို့အပါအဝင် ၈ ယောက်လောက် သေဆုံးခဲ့တယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ပွဲကို ပုလဲမြို့နယ် ပကဖအဖွဲ့ဝင် ၁၄ ဖွဲ့နဲ့ နယ်မြေခံ PDF တွေအပါဝင် ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်က အဖွဲ့အချို့လည်း ပူပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီပုလဲမြို့ပေါ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲဘက်က အထိခိုက်အကျဆုံးမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ပုလဲမြို့တောင်ပိုင်း၊ မြို့ဒေါင့်ရပ်ရှိ နေအိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့နယ် ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံး တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။