Home
မြန်မာသတင်း
ကျောက်ဖြူတွင် ချောင်းပိတ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံဆောက်လုပ်မှု ဒေသခံများ စိုးရိမ်
DVB
·
February 5, 2022
0000000000

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောနဲ့ ဂုံးချွိန်ကျေးရွာအုပ်စုကြားက ကျောက်ဖြူချောင်းကို ပိတ်ပြီး Power China ကုမ္ပဏီက လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြတာတွေ မရှိသလို အကောင်ဖော်နေတဲ့ မြေနေရာမှာ ချောင်းကို ပိတ်ဆို့ တည်ဆောက်နေတာကြောင့် အနီးအနားမှာ နေထိုင်ကြတဲ့ ဒေသခံကျေးရွာသားတွေဟာ မိုးရာသီ ရေကြီးရေလျှံဖြစ်ကာ ရေနစ်မြုပ်မှာကို စိုးရိမ်နေကြတာပါ။

ကုန်းဘောင်ကျေးရွာနေ ကိုထွန်းမင်းစိုးက “ကျနော်တို့ ရွာကို ရေမြုပ်မှာကို အရမ်းစိုးရိမ်တယ်။ ဒီစီမံကိန်းကြောင့်  ရွာပျက်စီးသွားမှာကို  စိုးရိမ်တယ်လေ။ အဲဒါကြောင့်  ရွာကို ရေမမြုပ် အောင်ဆိုပြီးတော့ ဘယ်လို ကာကွယ်မလဲပေါ့။ အဲဒါကြောင့် တတ်သိ ပညာရှင်တွေ ခေါ်ပြီး ကိုယ်စားလှယ်တွေခေါ်ပြီးတော့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်”လို့ ပြောပါတယ်။

ကျောက်ဖြူမြို့ရဲ့ သမိုင်းဝင်ချောင်းကို ပိတ်ဆို့ တည်ဆောက်နေတာဖြစ်သလို စီမံကိန်း အကောင်ဖော်ဆောင်ရာမှာလည်း ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ မချပြတာဟာလည်း ဒေသခံ တွေအတွက် ပိုမိုစိုးရိမ်စရာဖြစ်စေတယ်လို့ ကျောက်ဖြူမြို့ဒေသခံ ဆရာဦးထွန်းလွင်က ပြောပါတယ်။

“ဆောက်တဲ့နေရာကလည်း ချောင်းဝတည့်တည့်မှာဖြစ်နေတယ်။ ချောင်းကို ပိတ်ပြီးမှ ဆည်ဖို့ပြီး တည်ဆောက်နေတယ်။ နောက်တော့ ဖွင့်ပေးမယ်ပြောလည်းပဲ အခုအမြင်အရ ပိတ်နေပြီ။ ဆိုတော့ ဒီ Project ၊ ဒီ Power Plan ဆောက်တဲ့ဟာနဲ့ပတ်သက်လို့ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ချပြထားတာ မရှိသေးဘူး၊။ EIA တွေ၊ SIA တွေလုပ်ထားတယ်ဆိုတာလည်းပဲ မနေ့ကတော့ NGO အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ပြောလို့ သိရတယ်။ စိုးရိမ်စရာကောင်းတဲ့ ကိစ္စတွေ၊ ဘာတွေဘာတွေရှိတယ်ဆိုတဲ့ဟာကို သူတို့ချပြတာ မရှိဘူး။ ဒီလောက်နိုင်ငံကြီး ၁ ခုကလာတဲ့ ကုမ္ပဏီကြီး ၁ ခုက ကျောက်ဖြူ SEZ နဲ့ ပတ်သက်လို့ ပါဝါပေးမယ့် ကိစ္စမျိုးကို လုပ်နေတဲ့ ကိစ္စမှာတောင် ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း မပြောပြဘူးဆိုတဲ့ကိစ္စက ကျနော်တို့အတွက် စိုးရိမ်စရာပိုကြီးစေတယ်။”

ဒေသခံတွေ အစည်းအဝေးလုပ်ခဲ့ပြီးနောက် စက်ရုံဘက်က ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ စီမံကိန်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖနဲ့ ဒေသခံတွေကိုခေါ်ယူတွေ့ဆုံကာ စီမံကိန်းလုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ချပြခဲ့ရာမှာတော့ ဒေသခံတွေအတွက် ပိုစိုးရိမ်စရာ ဖြစ်စေခဲ့တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက  ပြောပါတယ်။

“အဲဒီနေ့ကပဲ ကျနော်တို့ တရုတ်စီမံကိန်းရဲ့ ဒုတိယဥက္ကဋ္ဌက ရှင်းပြတဲ့နေရာမှာ သူတို့ EIA လုပ်ပြီးပြီလို့ပြောတယ်။ အဲဒီ EIA လုပ်ပြီးပြီဟာ ဘယ်သူနဲ့ လုပ်တယ်ဆိုတာလည်း မသိရဘူး။ သူတို့ အဲဒီ Support တွေ ဘာတွေလုပ်ပြီးပြီလို့လည်းပြောတယ်။ အဲဒါကို သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ဒေသခံတွေ နောက်ပြီး မြို့နယ်အုပ်ချုပ်ရေးနဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း အကြောင်း မကြားဘဲနဲ့ ဒီလို ကိုယ့်ဟာကို ဆင်းပြီး လုပ်နေတာကိုတော့ အင်မတန်စိုးရိမ်ဖွယ်ရာတွေ တွေ့မြင်ခဲ့ရပါတယ်”

အခုလို ကျောက်ဖြူချောင်းကိုပိတ်ဆို့ကာ Power China ကုမ္ပဏီက တည်ဆောက်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေမှာ စိုးရိမ်နေကြသလို စီမံကိန်း ကြောင့် အနီးအနားရှိဒေသခံတွေမှာ ထိခိုက်နစ်နာမှုတွေ မရှိစေဖို့ စီမံကိန်းတာဝန်ရှိသူတွေအနေနဲ့ ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ကို ဒေသခံတွေအနေနဲ့လိုလားနေကြတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024