စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တစ်ခုက ၂ မိုင်ဝန်းကျင်လောက်ထိ ပစ်ခတ်နိုင်တဲ့ အမြောက်နက်လက်တစ်မျိုးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလို အမြောက်ပစ်လက်နက်ကြီးကို ယင်းမာပင်မြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်တဲ့ ဗိုလ်သူရိန် PDF အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ၂ မိုင်ဝန်းကျင်ခန့်ထိရောက်အောင် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ PDF ခေါင်းဆောင် ဗိုလ်သူရိန် ကပြောပါတယ်။
အခုလို လက်နက်ကြီး ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ စစ်ကောင်စီတပ်ဖွဲ့နဲ့ရင်ဆိုင်ရာမှာ လက်နက်အင်အား မမျှတတာကြောင့် ဖြစ်သလို လက်ရှိအသုံးပြုနေတဲ့ တူမီး၊ ခွန်ထိုးလောက်နဲ့ အဆင်မပြေနိုင်တာကြောင့် အခုလို တီထွင်ပြုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် PDF ရဲဘော်အများစုဟာလည်း လက်နက်ပြည့်စုံမှုမရှိသေးတာကြောင့် ပြောက်ကျားစနစ်နဲ့ စစ်ကောင်စီကို တိုက်ခိုက်နေရတာဖြစ်သလို လက်နက်ကြီးအသုံးပြု တိုက်ခိုက်တာဟာ အဝေးကနေ ပစ်ခတ်ရတာကြောင့် ရဲဘော်တွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရမှု နည်းနိုင်ပြီး စစ်ကောင်စီဘက်က သူတို့ရဲ့ခေတ်မီကိရိယာတွေ အသုံးပြုပြီး PDF အဖွဲ့ကို တိုက်ခိုက်ရင်တောင် လက်နက်ကြီးအနီးမှာ PDF ရဲဘော်တွေ ရှိမနေတာကြောင့် လို့ဆိုပါတယ်။
အခုပြုလုပ်အောင်မြင်ခဲ့တဲ့ အမြောက်ပစ်လက်နက်ကြီးဟာ ရှော့တိုက်နည်းနဲ့ ပစ်ခတ်မှု လုပ်ဆောင်တာဖြစ်ပြီး ကုန်ကျစရိတ်ဟာ ၆ သိန်းကျင်ခန့်ရှိကာ ကုန်ကြမ်းပစ္စည်းပြည့်စုံရင် လက်နက်ပြုလုပ်ချိန် ၂ ရက်လောက်သာ ကြာမြင့်တယ်လို့ သိရပါတယ်။