ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောအုပ်စု၊ တဒွံခို့ကျေးရွာကို ဖေဖော်ဝါရီ ၄ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ပြီး ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ အသက် ၅၆ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တယောက်သေဆုံးပြီး အသက် ၇ နှစ်အရွယ်ကလေး တယောက်အပါဝင် ၆ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူက ပြောပါတယ်။
အလားတူ ဇန်နဝါရီ ၃၀ ရက် ညပိုင်းကလည်း လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်မှုမရှိပေမယ့် လူနေအိမ် ၂ လုံး ပျက်စီးသွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်က တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာတွေရပ်တန့်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁၀ ရက်နောက်ဆုံးထားပြီး ရေလမ်းကနေ မိမိတို့နေရပ်ပြန်ဖို့ တပ်မဟာ ၅ စစ်ချုပ်ရုံးက သတိပေးထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅ နဲ့ ၆ နယ်မြေတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေသလို တပ်မဟာ ၅ အတွင်း စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် မြေပြင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တဲ့အပြင် ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှုတွေပါ ပြုလုပ်နေတာကြောင့် သောင်းချီတဲ့ ဒေသခံတွေ နီးစပ်ရာ တောတောင်တွေထဲနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Photo-KNU (မူတြော်)