ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်က ကူမဲတိုက်နယ် လျှပ်စစ်မီတာရုံးကို ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ဖောက်ခွဲခဲ့ပြီး စာရွက်စာတမ်းတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောက်ဆည် နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ကူမဲတိုက်နယ် လျှပ်စစ်မီတာရုံးက ကျောက်ဆည်မြို့နယ်အတွင်းမှာရှိတဲ့ ရွာတွေကို မီတာခ အတင်းအကျပ်ကောက်ခံတာ၊ မီးဖြတ်တာတွေ လုပ်နေတာကြောင့် အခုလို သတိပေးဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ရုံးဝန်ထမ်းတွေ မရှိတဲ့အချိန် ရုံးစာရွက်စာတမ်းတွေနဲ့ ကွန်ပျူတာတွေကို မီးရှို့ခဲ့တယ်၊ မီးလောင်ဗုံးနဲ့ ပေါက်ကွဲဗုံးကို သုံးခဲ့တယ်။ ရုံးထပ်ပြီးမလည်ပတ်နိုင်အောင် သတိပေးတဲ့အနေနဲ့ လုပ်ခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါ ဖောက်ခွဲမှုကို ကျောက်ဆည်နဂါးနီ ပျောက်ကျားတပ်ဖွဲ့နဲ့ မြစ်သား PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံးအဆောက်အဦ နှစ်ခန်းတွဲ ပြိုကျသွားပြီး စာရွက်စာတမ်းတွေ မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “ရွာအတွင်းက မီတာမဆောင်တဲ့နေအိမ်တွေက မီတာတွေလိုက်ဖြုတ်တယ်၊ မီးဖျက်တယ်၊ မီတာလာဆောင်မှမီးပြန်ပေးတယ်" လို့ ပြောပါတယ်။
ကျောက်ဆည်မြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်မီတာရုံးတွေအနေနဲ့ မီတာခတွေ အတင်းကောက်ခံတာ၊ မီးဖြတ်တာ၊ မီတာဖြုတ်သိမ်းတာတွေ ထပ်ပြီးမပြုလုပ်ဖို့ ကျောက်ဆည်နဂါးနီပျောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။