ကွာလာလမ်ပူ စစ်ကောင်စီ သံရုံးရှေ့မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြတဲ့ ကလေး ၂ ဦးနဲ့ အမျိုးသမီး ၁၀ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို မလေးရဲက ဖမ်းဆီးထားပြီး တရားရုံးတင်စွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ NLD လွတ်မြောက်နယ်မြေ မလေးရှားဌာနခွဲ ပြောခွင့်ရသူ ကိုစိုးထက်သိန်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှားလွတ်မြောက်နယ်မြေ) နဲ့ တိုင်းရင်းသား အသင်းအဖွဲ့တွေ၊ မလေးရှားရောက်မြန်မာလုပ်သားတွေ စုပေါင်းပြီး မြန်မာနိုင်ငံ စစ်အာဏာသိမ်း တနှစ်ပြည့် ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြသူ ၃၀ ကျော်နဲ့ ဆန္ဒပြမယ့်အကြောင်း ရဲတပ်ဖွဲ့ကို ကြိုတင်ခွင့်ပြုချက်တောင်းပြီး ပြုလုပ်ခဲ့ပေမယ့် ဆန္ဒပြပွဲအပြီးမှာ မလေးရှားရဲတွေက ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
မြန်မာသံရုံးက တိုင်ကြားတာကြောင့် အခုလို ဖမ်းဆီးရတာဖြစ်ပြီး ယမန်တပတ်ပြည့်ပြီးပါက တရားစွဲသွားမယ်ဆိုပြီး ရဲကပြောကြောင်း ကိုစိုးထက်သိန်းက ဆိုပါတယ်။
အခုဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မလေးရှားအခြေစိုက် UNGCR ရုံးကို အကြောင်းကြားထားပေမဲ့ ဘာမှအကြောင်းမပြန်ဘူးလို့လည်း ကိုစိုးထက်သိန်းက ပြောပါတယ်။