ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ပေါ်မှာ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက TNLA ပလောင်စစ်သားများ လက်နက်၊ ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်ရောက်လာပြီး ဆက်ကြေးကောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၇၀ - ၈၀ လောက်ရှိ ပလောင်စစ်သားတွေဟာ ဒီကနေ့မနက် ၉ နာရီလောက်က နမ့်ခမ်းမြို့ အရှေ့ဘက်တောင်ကုန်းတွေကနေ နောင်စန့်ကုန်းရပ်ကွက်၊ ဟိုကတ်ရပ်နဲ့ နမ့်ခမ်းမြို့ထဲ ဝင်ရောက်လာကြောင်း၊ ရဲစခန်းအနီးမှာ ကားရပ်ထားပြီး ဈေးထဲမှာ သူတို့ကိုအခွန်ဆောင်ဖို့ လိပ်စာ ကပ်ပြားနဲ့ ဖုန်းနံပါတ်တွေ လာဝေသွားတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့တွေ့ရသလောက်တော့ အင်အား ၇၀-၈၀ လောက်ရှိမယ်ထင်တယ်၊ သေနတ်တွေ ယူနီဖောင်းတွေနဲ့ ဝင်လာတာ။ ဈေးထဲမှာ အခွန်ဆောင်ဖို့ လိပ်စာကတ်တွေဝေသွားတယေ။ သူတို့ဝင်လာတော့ တချို့ကကြောက်ပြီး ဆိုင်သိမ်းေ၊ ဆိုင်ပိတ်တာတွေလုပ်တာပေါ့။ အိမ်တွေတော်တော်များလည်း တံခါးမဖွင့်ရဲဘူး၊ အရင်တခေါက်လို ပစ်ခတ်ပြီး ခြံထဲဝင်လာတာ အမှုပတ်တာတွေဖြစ်မှာစိုးလို့လေ။ မနက် ၉ ခွဲလောက်ကျတော့ အေးဆေးဘဲ ပြန်ထွက်သွားတယ်။”
နမ့်ခမ်းမှာ နယ်မြေအခြေစိုက် စစ်တပ်၊ ရဲနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိပါလျက်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဝတ်စုံပြည့်နဲ့ ပေါ်တင်ဆက်ကြေးဝင်ကောက်ပြီး အေးဆေးဆေး ဆေးပြန်သွားနိုင်တဲ့အပေါ် အလွန်အံ့ဩမိကြောင်း၊ လက်နက်ကိုင်ကာ လုပ်ချင်ရာလုပ်လုပ်လို့ရတဲ့ သဘောကိုဆောင်ပြီး သူတို့မြို့ကတော့ လုံးဝလုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်အပြည့်စုံနဲ့ ဝင်လာတာကို ဘယ်အဖွဲ့မှ တားဆီးနိုင်ခြင်းမရှိတာဟာ သူတို့အချင်းချင်း ကြိုတင်အကြောင်းကြားထားပြီးလို့ ယူဆရကြောင့် ဒေသခံ နောက်တဦးက ပြောပါတယ်။
TNLA တပ်ဖွဲ့ဝင်တွေဟာ ယခင်က နမ့်ခမ်းဈေးထဲမှာ အခွန်လာကောက်ပါက အရပ်သား ဝတ်စုံနဲ့ ၂ ယောက် ၃ ယောက်သာ လာရောက်ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က တော့ အခွန်လာကောက်သူ ၂ ယောက် ဈေးထဲမှာပစ်သတ်ခံခဲ့ရတာကြောင့် ဒီတခေါက် ဝတ်စုံပြည့်နဲ့ အဖွဲ့လိုက်ဝင်လာတာလို့ ဆိုပါတယ်။
TNLA တပ်ဖွဲ့က အခွန်ကောက်သူ ၂ ယောက် အပစ်ခံရပြီး နောက်တနေ့ မြို့ထဲဝင်လာရာမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပြီး ဒေသခံနေအိမ်ကို လက်နက်ကြီးကျလို့ နေအိမ်တွေပျက်စီး၊ ရွာသားတွေလည်း ထိမှန်ဒဏ်ရာရကာ ဖမ်းဆီးစစ်ဆေးခံရတာတွေ ရှိခဲ့ပါတယ်။