စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က NLD ပါတီအတွင်းရေးမှူး ဦးဝင်းခိုင်ကို ဖေဖော်ဝါရီ ၁ ရက်နေ့က ဆာလင်းကြီးအမှတ် ၃ ရပ်ကွတ် ဥဒေါင်းမင်းလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဦးဝင်းခိုင်ဟာ လက်ရှိအချိန်မှာ ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်သွယ်မှုမလုပ်ဘဲ မိသားစုနဲ့နေအိမ်မှာ အတူနေထိုင်နေသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်သူတစ်ဦးက “သူကိုဖမ်းသွားတာက ဆားလင်းကြီးရဲကမဟုတ်ဘူး။ မုံရွာဘက်ကနေ စစ်ကောင်စီအင်အား ၃၀ လောက်နဲ့လာရောက်ဖမ်းသွားတယ်။ လက်ဖက်ရည်သောက်နေစဉ် သူ့နာမည်ခေါပြီး ဒူးထောက်ခိုင်းတာတွေလုပ်ပြီး ဖမ်းဆီးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဦးဝင်ခိုင်အား ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှာ နေအိမ်ကို ရှာဖွေတာတွေလုပ်ဆောင်ခဲ့ပြီး နေအိမ်အတွင်းက NLD ပါတီအလံနဲ့ ကလေးကစားစရာ ကော်သေနတ်တလက်ကို ယူဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဦးဝင်းခိုင်ကို ဖမ်းဆီးသွားတာကြောင့် ဇနီးနဲ့ သားသမီး ၃ ယောက် နေအိမ်မှာ မနေရဲတော့ဘဲ ဘေးလွတ်ရာ ပုန်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။