မွန်ပြည်နယ် မုဒုံမြို့ကနေ ရေးမြို့ကို အင်အားဖြည့်ဖို့ဆင်းလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းအား ရေး-မော်လမြိုင်သွားကားလမ်း အောင်သာယာရွာနဲ့ လိမ္မော်ခြံရွာကြားမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၁၀ နာရီကျော်လောက် ရေးပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (YGF) နဲ့ ရေး PDF မြောက်ပိုင်းတို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စ်ဘက်က အပြင်းအထန် ထိခိုက်ခဲ့သူတွေရှိနိုင်ပြီး ယာဉ်သုံးစီးလည်း ပျက်စီးခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ရေးမြို့မှာ လမ်းဖွင့်ပွဲသွားပြီး ပြန်လာတဲ့ အစင်ကျေးရွာအုပ်ချုပ်မှူးနဲ့အဖွဲ့ကို ရေး PDF ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် အုပ်ချုပ်မှူး ဦးမောင်မြင့်နဲ့ ပြည်သူ့စစ် ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး သေနတ်ဒဏ်ရရှိခဲ့တယ်လို့ ရေး YGF က ထုတ်ပြန်ထားပါတယ်။
ရေး PDF တပ်ဖွဲ့က စစ်ကောင်စီရဲ့ လက်ပါးစေတွေကို အခုရက်ပိုင်းအတွင်း အရှိန်မြှင့် တိုက်ခိုက်လာနေတယ်လို့ ဆိုပါတယ်။
ရေး-မော်လမြိုင်သွား ကားလမ်းကို အရေးကြီးကိစ္စရပ်တွေကလွဲပြီး ညပိုင်း ၈ နာရီကျော်လောက်ကစပြီး အသွားအလာ မလုပ်ကြဖို့၊ ကျန်းမာရေးကြောင့် သွားပါက လူနာတင်ယာဉ်နဲ့သာ မီးဖွင့်သွားကြဖို့၊ ၁ နာရီကီလို ၆၀ သာ မောင်းနှင်သွားကြဖို့နဲ့ လိုက်နာခြင်း မရှိပါက တာဝန်ယူမှာမဟုတ်ဘူးလို့ ရေး PDF တပ်က ထပ်မံ အသိပေးလိုက်ပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက PDF နဲ့ ပက်သက်ဆက်နွှယ်သူတွေကို အခုရက်ပိုင်းအတွင်း နေ့စဉ် နီးပါး ရှာဖွေဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။