မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးနယ်အုပ်စု၊ ကမာစိုင်ကျေးရွာ စာသင်ကျောင်းအနီးမှာ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီရဲ့တပ်တွေက စစ်ယာဉ်တန်းကားပေါ်ကနေ လက်နက်ကြီး ၂ ချက်၊ လက်နက်ငယ် ၁၀ ချက်လောက် ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၃ စီးပါ စစ်ယာဉ်တန်းဟာ ကေအန်ယူ-တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ(ဒူးသထူခရိုင်)၊ သထုံ-ဘီးလင်း-ကျိုက်ထို အဝေးပြေးကားလမ်းမကြီးနံဘေးက ကမာစိုင်ကျေးရွာ စာသင်ကျောင်းနားအရောက် ကမာစိုင်ကျေးရွာ၊ ကွက်သစ်ရပ်ကွက်အတွင်းကို ကားပေါ်ကနေ အခုလို ခြိမ်းခြောက်ပစ်ခတ်ခဲ့တာပါ။
ကမာစိုင်ကျေးရွာသားတစ်ဦးက “စစ်ကား ၃ စီးပေါ်ကနေ ပစ်သွားတာ ဟုတ်တယ်။ ပြည်သူကို သက်သက်မဲ့ ထိန့်လန်အောင်လုပ်တာ။ လမ်းပေါ်သွားလာနေတဲ့သူတွေဆို ကြောက်လန့်ပြီး နီးစပ်ရာရော်ဘာခြံတွေထဲ ဝင်ပြေးသူ ပြေးပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပေမယ့် ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို ကေအန်ယူတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုစားခဲ့ပေမယ့် ဆက်သွယ်မေးမြန်းခွင့် မရခဲ့ပါဘူး။