မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ လျှပ်စစ်ရုံးရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ပြီး ဆန္ဒပြခဲ့တဲ့အမျိုးသားဟာ မနေ့ည ၇ နာရီခွဲလောက်မှာ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်မှ သံပန်းလုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်အောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ ဆန္ဒပြခဲ့ပြီးနောက် ညောင်ဦးဆေးရုံမှာ သေဆုံးခဲ့တာလို့ ကျောက်ပန်းတောင်းမြို့ခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
ကိုအောင်အောင်ရဲ့ အလောင်းကိုတော့ ကျောက်ပန်းတောင်းမြို့ကို ပြန်မသယ်တော့ဘဲ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ညောင်ဦးမြို့မှာပဲ မီးသင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ ဆန္ဒပြတဲ့နေရာမှာ "၂၄ နာရီလုံး အများပြည်သူ+ပြည်သား မီးလင်းပါစေ။ ၂၀၀၁ + ၂၀၀၂ ပြန်မသွား” ဟူ၍ ရေးသားထားသည့် စာရွက်အပိုင်းအစကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။
“သူက သံပန်းလုပ်ငန်းလုပ်တာဆိုတော့ လျှပ်စစ်မီးကို အားကိုးနေရတာပေါ့။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မီးပျက်တာတွေ များလာတော့ သူ့လုပ်ငန်းတွေ မလုပ်ရတာကြောင့် စိတ်ခံစားချက်တွေ ရှိနေလို့ လျှပ်စစ်ရုံးရှေ့မှာ အခုလို လုပ်သွားတာဖြစ်နိုင်တယ်။ ဒါက စစ်အာဏာရှင်ကို ဘယ်လောက်ထိအောင်ရွံမုန်းနေတယ်ဆိုတာ မိမိအသက်ကို ရင်းပြီးတော့ ဆန့်ကျင်တော်လှန်ခဲ့တာဗျ။ ကျောက်ပန်တောင်းမြို့ရဲ့ သူရဲကောင်းတစ်ယောက်အဖြစ် အမြဲတမ်း လေးစားဦးညွှတ်နေမှာပါ။ ဒီလိုမျိုး မိမိအသက်နဲ့ ရင်းပြီးတော့ တော်လှန်ဆန္ဒပြတာဟာ ကျောက်ပန်းတောင်းမြို့မှာ ပထမဦးဆုံး ဖြစ်တယ်” လို့ မြို့ခံက ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ယောက်ကတော့ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒပြတာအပြင်၊ လက်နက်ကိုင်တိုက်ပွဲဝင်တာတွေကိုသာ လုပ်ဆောင်စေလိုပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ ဆန့်ကျင်ဆန္ဒပြတာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။