Home
မြန်မာသတင်း
ကျောက်ပန်းတောင်းတွင် အမျိုးသား ၁ ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ
DVB
·
February 1, 2022
273159888_2757316401236470_5223782954495292696_n
man

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ လျှပ်စစ်ရုံးရှေ့မှာ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက အမျိုးသားတယောက် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီး မီးရှို့ ဆန္ဒပြခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့၊ ပြည်တော်သာရပ်ကွက်မှာ သံပန်းလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၂၀ ကျော်အရွယ် ကိုအောင်အောင်ဟာ ဒီကနေ့မွန်းလွဲ ၁ နာရီလောက်က ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ပြီး ဆန္ဒပြခဲ့တာလို့ ကျောက်ပန်တောင်းမြို့ခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ ဆန္ဒပြတဲ့နေရာမှာ “၂၄ နာရီလုံး အများပြည်သူ ပြည်သား မီးလင်းပါစေ”။  “၂၀၀၁၊ ၂၀၀၂ ပြန်မသွား” ဆိုပြီး ရေးသားထားသည့် စာရွက်အပိုင်းအစကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

“သူက သံပန်းလုပ်ငန်း လုပ်တာဆိုတော့ လျှပ်စစ်မီးကို အားကိုးနေရတာပေါ့။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မီးပျက်တာတွေများလာတော့ သူ့လုပ်ငန်းတွေ မလုပ်ရတာကြောင့် စိတ်ခံစားချက်တွေ ရှိနေလို့  လျှပ်စစ်ရုံးရှေ့မှာ အခုလို လုပ်သွားတာဖြစ်နိုင်တယ်” လို့ မြို့ခံက ပြောပါတယ်။

လက်ရှိအချိန်မှာ ကိုအောင်အောင်ကို ကျောက်ပန်းတောင်း ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုပေးနေပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်ပန်းတောင်းမြို့မှာ လျှပ်စစ်မီး တစ်နေ့ကို ၄ ကြိမ်ထက်မနည်း ပြတ်တောက်မှုဖြစ်ပေါ်နေပြီး မီတာခ မဆောင်တဲ့ နေအိမ်တွေကိုလည်း မီတာဖြုတ်သိမ်းတာတွေ၊ မီးဖြတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကိုအောင်အောင် ဘာကြောင့် ဆန္ဒပြရတယ်ဆိုတာ အတိအကျသိရဖို့ မိသားစုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024