ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က ဓာတုဗုံး (သို့မဟုတ်) မီးလောင်ဗုံးလို့ ယူဆရတဲ့ လက်နက်တဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
“ဗုံးက ဒီးမော့ဆို၊ ဒေါငံခါးရပ်ကွက်ထဲက လူနေအိမ်အနီးကို ကျတယ်။ ဗုံးကျတဲ့နေရာမှာ အဖြူရောင်မီးခိုးတွေထွက်နေတာကို တွေ့တယ်။ ဗုံးကျပြီး ၅ရက် ကြာတဲ့နေ့ ဗုံးကျတဲ့နေရာကို ပေါက်ပြားနဲ့တူးကြည့်တော့ ဗုံးစတွေကနေ မီးခိုးတွေ ထပ်ထွက်လာတယ်” လို့ မျက်မြင်သက်သေဒေသခံတွေက ပြောပါတယ်။
ဓါတုဗုံး(သို့) မီးလောင်ဗုံးကျတဲ့နေရာဟာ ဒီးမော့ဆိုမြို့၊ ရပ်ကွက်(၂)၊ အိမ်အမှတ် - ခ ၂/ ၇၈Aခြံဝန်းအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။
၅ ရက်ကြာတဲ့အထိ ဗုံးစတွေကနေ အဖြူရောင် အခိုးငွေ့တွေထွက်နေပြီး မီးခိုးထိတဲ့ သစ်ပင်ရဲ့ အရွက်တွေဟာ ခြောက်သွေ့ကုန်ကာ မီးခိုးနံ့ကို ရှူမိတဲ့သူဟာလည်း လည်ချောင်းယားယံတာ မူးဝေတာတွေဖြစ်တယ်လို့လည်းဆိုပါတယ်။
“ဗုံးကျတဲ့နေရာအနီးက ထောပတ်ပင်ရဲ့ အရွက်တွေဟာ ခြောက်သွေ့ကုန်တယ်။ အနံ့ကို ရှူမိလိုက်တာနဲ့ လည်ချောင်းယားတယ်။ ခေါင်းမူးသလို ခံစားရတာခက်တယ်” လို့ ဒေသခံတွေက ဆိုပါတယ်။
ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
တိုက်ပွဲအတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိနေပါတယ်။
ဒါ့အပြင် မြေပြင်ကနေ ထိုးစစ်ဆင်နေတဲ့ ကြည်းတပ် စစ်ကြောင်းတွေကလည်း အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှို့ဖျက် ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်က အရပ်သားတွေပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ကယားပြည်နယ်အတွင်းက ပြည်သူ တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်း ရှောင်နေရပါတယ်။