ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနဲ့ စခန်းကုန်းကျေးရွာအကြား စနေကုန်းလမ်းဟောင်းလမ်းဂွမှာ ဇန်နဝါရီ ၃၁ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၁ ဦးသေပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကေအန်ယူ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေထဲက သံတောင် -သံတောင်ကြီးသွားကားလမ်းမကြီးကို လမ်းလုံခြုံရေး ကင်းလှည့်ပြန်လာတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၇ ယောက်နဲ့ အမည်မသိလက်နက်ကိုင်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ရွှေညောင်ပင်ကျေးရွာသား တစ်ဦးက”စစ်တပ်က လမ်းကြောင်းလုံခြုံရေးလှည့်ပြီး အပြန်ဖြစ်တာ။ ၁ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်လို့ သိထားတယ်။ မနက်ပိုင်းက အဲဒီကောင်တွေပဲဖြစ်မယ်။ သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်သွားသေးတယ်”လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက စခန်းကုန်းအနီးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တဲ့အပြင် ည ၉ နာရီလောက်မှာ ထပ်မံပြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
တောင်ငူ-လွိုင်ကော် ကားလမ်းတလျှောက် စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးလှုပ်ရှားတာတွေအပြင် စစ်ယာဉ်တန်းတွေကို အသုံးပြုပြီး လူ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်နေတဲ့အတွက် KNLA တပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။