ရာထူးကနေ အနားပေးလိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်တို့ နေရာမှာ ဝန်ကြီးချုပ်အသစ် ၂ ယောက်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့ အစားထိုးခန့်အပ်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာအတွက် ဦးစိုးသိန်းကို ခန့်အပ်လိုက်တာဖြစ်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ဦးဇော်မျိုးတင်ကို တာဝန်ပေးခန့်အပ်လိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
ရန်ကုန်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးသိန်းဟာ DSA အမှတ်စဉ် ၂၄ ဆင်းဖြစ်ပြီး အရင်က ကကစစ်ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသလို စစ်တပ်ကုမ္ပဏီဦးပိုင်ရဲ့ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ်သစ် ဦးဇော်မျိုးတင်ကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ဆင်း ဗိုလ်ချုပ်ဟောင်း ဇော်မျိုးတင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဗိုလ်မှူးကြီးရာထူးနဲ့ ကယားပြည်နယ် လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နဲ့ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ် ရာထူးတိုးမြှင့်ခံရကာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဒကစမှူးအဖြစ် တာဝန်ယူခဲ့ပြီးနောက် နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ဗိုလ်ချုပ်ရာထူးနဲ့ ရောက်ရှိကာ စခန်းမှူးတာဝန် ရယူခဲ့သူလည်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးခင်မောင်ဦး(ခ)ဘူးရယ်တို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပြီး ဒီနေ့မှာ ဝန်ကြီးချုပ်သစ် အစားထိုး ခန့်လိုက်တာလည်း ဖြစ်ပါတယ်။