နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသန်းကျော်နဲ့ စစ်ကောင်စီခန့်ဝန်ကြီးချုပ်တွေ ဖြစ်ကြတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ) ဘူးရယ်တို့ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ တာဝန်ကနေ အနားပေးလိုက်ပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ) ဘူးရယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၉ အရ တာဝန်မှ အနားယူခွင့်ပြုကြောင်း စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်မြောက်မှာ သူတို့ ခန့်တဲ့ဝန်ကြီးချုပ် နှစ်ယောက်ကို အခုလို အနားပေးလိုက်တာ ဖြစ်ပြီး ဘာကြောင့် ခုလိုအနားပေးလိုက်တယ်ဆိုတာကိုတော့ အသေးစိတ် ရေးသားထားတာမရှိပါဘူး။
ကယားပြည်နယ်မှာတော့ အာဏာသိမ်းပြီး ၁ နှစ်ဖြစ်လာတဲ့အထိ စစ်ကောင်စီရော၊ တော်လှန်ရေးအဖွဲ့အစည်းကပါ အုပ်ချုပ်ရေးမှာ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဘူးလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ပြောခွင့်ရသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“ကျနော်တို့ကတော့ တိုက်ပွဲကတော့ နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်။ ရှင်းရှင်းပြောမယ်ဆိုရင်တော့ စစ်တပ်ကတော့ စစ်တပ်နေရာရှိတဲ့ တပ်ရင်းတွေနဲ့ ရုံးစိုက်ရာဒေသတွေမှာပဲ သူကတော့ အများဆုံး ပြန်ပြီးတော့ နေနေရတာရှိတယ်။ အပြင်ကို လှုပ်ရှားထွက်လိုက်တဲ့ တပ်တွေကတော့ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။ အဲတော့ ကျနော်တို့ဘက်က ထိန်းချုပ်နိုင်ပြီလားဆိုပြီးတော့ ..ပြောမယ်ဆိုရင်တော့ ကျနော်တို့ အခု အခြေအနေကတော့ ထိန်းချုပ်နိုင်တယ်ဆိုတဲ့ စကားထက် ဒီအုပ်ချုပ်ရေးနယ်မြေကို ကျနော်တို့ နှစ်ဘက်စလုံးကတော့ ထိရောက်တဲ့ဟာတွေ မချနိုင်ဘူး။ အဲသလို ဖြစ်နေတာပေါ့နော်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဌာန တွေပေါ့။ ကျနော်တို့ကတော့ ပြောမယ်ဆိုရင်တော့ နေရာဒေသတွေကိုတော့ စစ်ရေးအရ သိမ်းပိုက်နိုင်တယ်လို့ ပြောလို့ရတယ်။ သို့သော်လည်း အခုန လိုအပ်ချက်ကတော့ တည်ငြိမ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို ကျနော်တို့ ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။ ”
ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း တပြည်နယ်လုံးနီးပါး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီက လူထုတွေကို သေနတ်နဲ့ပစ်ခတ် ဖြိုခွင်းပြီး နောက်မှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ လက်နက်ကိုင် တော်လှန်မှုတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
မေလကစပြီး ဒီးမော့ဆိုမြိုနယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး မိုးဗြဲ၊ ဖယ်ခုံအထိ တိုက်ပွဲတွေ ကူးစက်ခဲ့ရာ ဒီကနေ့အထိ ကယားပြည်နယ်မြို့တော်လွိုင်ကော်မြို့ပါအဝင် တခြားမြို့တွေလည်း တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်ကြီးအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်နေပါတယ်။
တိုက်ပွဲကြောင့် လွိုင်ကော်မြို့ခံ၊ ဒီမော့ဆိုမြို့ခံအပါအဝင် လူပေါင်း ၂ သိန်းနီးပါး ထွက်ပြေး တိမ်းရှောင်နေကြရပြီး အခုထိလည်း နှစ်ဖက်အဖွဲ့တွေအကြား အုပ်ချုပ်မှုကို မတည်ဆောက်နိုင်ဖြစ်နေတာဖြစ်ပါတယ်။