ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ KNLA တပ်မဟာ (၄)ကို အန်စီအေ အပစ်ရပ်စာချုပ်ပါ အချက်တွေ ဖောက်ဖျက်တယ်ဆိုပြီး စစ်ကောင်စီတပ်က ကန့်ကွက်စာပေးပို့လိုက်ပါတယ်။
ဇန်နဝါရီ ၂၈ ရက်က တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထောင်းမဖြိုးရွာနဲ့ ကမ်းပလောကျေးရွာကြားလမ်းမပေါ်မှာ စစ်ကောင်စီရဲ့ အမှတ် ၂၅ ခြေလျင်တပ်ရင်းက ဒုဗိုလ်မှူးကြီးဘိုဘိုဦး စီးလာတဲ့ကားကို KNLA တပ်မဟာ ၄ က မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ကာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲပြီး ကန့်ကွက်အကြောင်းကြားစာ ပေးပိုခဲ့တာပါ။
KNLA တပ်မဟာ (၄)က အင်အား ၂၀ လောက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အခုလို ကာလအတွင်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ နှစ်ဖက်လိုက်နာရမယ့် အချက်တွေကို နယ်မြေခံ KNU / KNLA ဘက်က ချိုးဖောက်တယ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကတဆင့် စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့တာပါ။
အဆိုပါမိုင်းဆွဲ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို KNU/ KNLA တပ်မဟာ ၄ ဘက်က လုပ်ဆောင်ခဲ့တာမျိုး မဟုတ်တဲ့အတွက် တိုင်းဒေသကြီးကို ပြန်လည်အကြောင်းပြန်မယ်လို့လည်း KNU/KNLA တပ်မဟာ ၄ နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
အဆိုပါ နယ်မြေထဲမှာ KNU/KNLA အပါအဝင် KNDO နယ်မြေခံလက်နက်ကိုင် အဖွဲ့လည်း လှုပ်ရှားသွားလာမှုတွေရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က KNDO လက်နက်ကိုင်အဖွဲ့က ထားဝယ်ခရိုင် ဝါးတောစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လိူ့ စစ်ကောင်စီဘက်က တစ်ယောက် သေဆုံးပြီး လက်နက်လည်း ပါသွားတယ်လို့ သိရပါတယ်။