Home
မြန်မာသတင်း
ထိုင်းတွင် ရွှေ့ပြောင်းအလုပ်သမား ၈ သိန်း အရေးပေါ်လိုအပ်၊ မြန်မာလုပ်သားများ MOU စနစ်ဖြင့် မသွားနိုင်သေး
DVB
·
January 31, 2022
4215443

ထိုင်းနိုင်ငံမှာ အရေးပေါ် ရွှေ့ပြောင်းအလုပ်သမား ၈ သိန်းလိုအပ်ချက်ရှိနေတယ်လို့ ထိုင်း စက်မှုလုပ်ငန်းအဖွဲ့ချုပ်(အက်ဖ်တီအိုင်) က ပြောပါတယ်။

လုပ်သားအင်အားရှားပါးမှုကြောင့် ရုန်းကန်နေကြရတဲ့ စက်မှုလက်မှုနဲ့ ထုတ်လုပ်ရေးလုပ် ငန်းခွင် အပါအဝင် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လိုအပ်နေတာဖြစ်ပြီး ကုမ္ပဏီ အများစုကတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားလုပ်သားတွေကို ခေါ်ယူနိုင်ဖို့ အစိုးရဆီမှာ မှတ်ပုံတင်ထားကြတယ်လို့ ဆိုပါတယ်။

“စက်မှုလုပ်ငန်းခွင်မှာ ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်က အများဆုံး ဖြစ်နေတယ်။ လက် ရှိအချိန်ထိ ၅ သိန်းလောက် လိုအပ်နေတယ်”လို့ အက်ဖ်တီအိုင်ရဲ့ ဒုဥက္ကဋ္ဌ ကရီရန်ကရိုင် သီယန်နုကူက ပြောပါတယ်။

နောက်ထပ် ရွှေ့ပြောင်းလုပ်သား ၃ သိန်းလောက်ကတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ဝန် ဆောင်မှုလုပ်ငန်းခွင်တွေမှာ လိုအပ်နေတာ ဖြစ်ပါတယ်။

“(ထိုင်း)စီးပွားရေးလုပ်ငန်းရှင်တွေက အစိုးရအနေနဲ့ လုပ်သားတွေ ခေါ်ယူနိုင်ဖို့ကို ပိုပြီး တော့ အရှိန်မြှင့်လုပ်ဆောင်ပေးစေချင်နေတယ်။”

ထိုင်းအစိုးရအနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစော ပိုင်းကတည်းက အလုပ်သမားခေါ်ယူရေးဆိုင်ရာ MoU စာချွန်လွှာလက်မှတ်ရေးထိုးထားတာလို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဆူချာ့ထ် ချွန်ကလင်က ပြောပါတယ်။

လတ်တလောမှာတော့ အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းအပါအဝင် စီးပွားရေးကဏ္ဍ ၄၅ ခုက လုပ်ငန်းရှင်တွေအနေနဲ့ လုပ်သားအင်အားပိုပြီးတော့ လိုအပ်နေတာလို့ အက်ဖ်တီအိုင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှု ကြောင့် လုပ်ငန်းတွေ အတော်များများ ရပ်ဆိုင်းခဲ့ရသလို ရွှေ့ပြောင်းလုပ်သားတွေအများစုဟာလည်း အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်နိုင်ငံတွေဆီ ပြန်ကုန်ကြတဲ့အတွက် လက်ရှိမှာ နိုင်ငံတွင်း လုပ်သားအင်အားပြတ်လပ်မှုတွေ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ အာဏာသိမ်းမှုနဲ့အတူ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် MoU စနစ်နဲ့ သွားရောက်နိုင်ခြင်း မရှိသေးသလို နေ့စဉ်လိုလို တရားမဝင်လမ်းကြောင်းတွေ ကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေကြပြီး ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013