ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့လယ်ခေါင် နာရီစင်အနီးမှာ ဇန်နဝါရီ ၃၁ ရက် ဒီကနေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပြီး ပြည်သူ့စစ်ဝတ်စုံဝတ်ထားသူ ၁ ဦး သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသူဟာ ပြည်သူ့စစ်ဝတ်စုံဝတ်ထားပြီး အနက်ရောက်ကားတစ်စီး ယာဉ်မောင်းသူ နေရာမှာထိုင်နေစဉ် ဆိုင်ကယ်နဲ့လာတဲ့ လူ ၂ ယောက်က အနီးကပ်ပစ်သွားတာလို့ အနီးနားနေ မူဆယ်ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။
“ပြည်သူ့စစ်ဝတ်စုံဝတ်ထားတဲ့လူက ကားမောင်းတဲ့သူနေရာမှာ ထိုင်နေတာ၊ အဲဒါ လူ ၂ ယောက်က ဆိုင်ကယ်ပေါ်ကဆင်းလာပြီး အနီးကပ်ပစ်သွားတယ်။ သူက ကားမှန်ပိတ်ထားပေမဲ့ မှန်ကိုခွဲပြီးပစ်ထဲ့တာ။ သေနတ်သံ ၃ ခါကြားပါတယ်၊ သေနတ်သံကြားတော့ အကုန်ကြောက်ပြီး ထွက်ပြေးကြတယ်၊ သေနတ်သမားလည်းထွက်ပြေးသွားတယ်။ ခဏကြာတော့ ရဲတွေရောက်လာပြီး နှလုံးလှပရဟိတအဖွဲ့ကို လာသယ်ခိုင်းတယ်။ အဲနားမှာ ဘယ်သူမှမကပ်ရဘူး၊ သေသွားပြီလို့လည်းပြောနေကြတယ်”
သေဆုံးသူဟာ ဘယ်သူဘယ်ဝါနဲ့ ဘယ်အဖွဲ့အစည်းကဆိုတာ မသိရကြောင်း၊ တချို့ကလည်း ကောင်းခါးပြည်သူ့စစ်ကလို့ဆိုပြီး သူတို့ချင်းချင်း ပြန်ပစ်တာလို့လည်း ပြောတယ်လို့ ဆိုပါတယ်။
မူဆယ်ရှိ ပြည်သူ့စစ်တွေဟာ ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်တာတွေ ဘာမှမယ်မယ်ရရ မတွေ့ရဘဲ လောင်းကစား၊ ကာစီနိုတွေ၊ မူးယစ်ဆေးရောင်းဝယ်မှုတွေသာလုပ်ကိုင်ပြီး အချင်းချင်းမ တည့်ရင် လက်နက်နဲ့ ဖြေရှင်းလေ့ရှိတာကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ရတယ်လို့ မူ ဆယ်ဒေသခံက ပြောပါတယ်။
ဒီကြားထဲ သူတို့မြို့မှာ လုယက်မှု၊ ဓားပြမှု၊ ခိုးမှုတွေလည်းပေါများကြောင်း၊ သက်ဆိုင်ရာ အာ ဏာပိုင်အဖွဲ့အစည်းကလည်း ထိရောက်စွာနှိမ်နင်းတာမရှိလို့ ပြည်သူ့အတွက် လုံခြုံရေးမရှိဘဲ ဟိုအဖွဲ့ကြောက်ရ၊ ဒီအဖွဲ့ကြောက်ရ၊ သူခိုးဓားပြကြောက်ရနဲ့ အကြောက်တရားတွေအောက်မှာ အမြဲသတိထားပြီးနေနေရတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။