ကယားပြည်နယ် လွိုင်ကော်မြို့အနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
လွိုက်ကော်မြို့ ကျောင်းကုန်းရွာနဲ့ ကုန်းဆွတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၁၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန် ၄၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားအပြီး ညနေ ၅ နာရီလောက်အချိန်မှာတော့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်အကျအဆုံးမရှိဘူးလို့ လွိုက်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို လွိုက်ကော် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၅ နဲ့ KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဇန်န၀ါရီ ၂၄ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်အနီးနဲ့ လွိုက်ကော်မြို့၊ ၅ မြောင်းအနီး စုစုပေါင်းနှစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးရှိခဲ့ပြီး လွိုက်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်က ကျေးရွာတွေအတွင်းမှာ ကျေးရွာသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာ၊ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ ၊ ကျေးရွာနေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေကို လုယူတာတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo လွိုက်ကော်pdf