စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်နှိပ်စက် အကြမ်းဖက်နေတယ်လို့ မုံရွာမြို့ခံ နိုင်ငံရေးသမားတွေနဲ့ ထောင်ကလွတ်လာသူတွေက ပြောပါတယ်။
မုံရွာအကျဉ်းထောင်မှာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်တို့ အပါအဝင် အစိုးရ အဖွဲ့တာဝန်ရှိသူတွေ၊ သပိတ်လူငယ်တွေ၊ ကျောင်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားတာပါ။
မုံရွာအကျဉ်းထောင်ကို စရောက်လာတဲ့ နိုင်ငံရေးသမားတွေကို ရာဇဝတ်အကျဉ်းသားတွေက ဆီးကြိုရိုက်နှက်တာတွေ၊ အချိန်အကြာကြီး ပုံစံထိုင်းခိုင်းတာတွေ၊ အာဟာရပြည့်အောင် အစာမကျွေးတာတွေ၊ တိုက်ပိတ်တာတွေကို ထောင်အာဏာပိုင်တွေက ပြုလုပ်နေတယ်လို့ မုံရွာမြို့ခံနိုင်ငံရေးသမားတွေက ပြောပါတယ်။
ဒါ့အပြင် ထောင်ပြင်ပက မိသားစုတွေနဲ့ ထောင်ဝင်စာ တွေ့ဆုံခွင့်၊ စာပို့ခွင့်တွေကိုလည်း တင်းကျပ်ကန့်သတ်နေပြီး ထောင်တွင်း မိသားစုဝင်ချင်း တွေ့ဆုံခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
ထောင်တွင်းက ပေးပို့တဲ့စာတွေမှာ ပါဝင်တဲ့ သတင်းအချက်အလက်တွေအရ ထောင်ပြင်ပက နိုင်ငံရေးသမားတွေက ထောင်တွင်း အကြမ်းဖက်ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုလာတာ ဖြစ်တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။
မုံရွာအကျဉ်းထောင်မှာ ထောင်ပိုင်ကြီး ဦးဇော်ဝင်းမြင့်က တာဝန်ယူကွပ်ကဲနေတာဖြစ်ပြီး စစ်တပ်ကနေ ပြောင်းလာတဲ့ ထောင်ပိုင်လေး ထွန်းအောင်လင်းနဲ့ ထောင်မှူးတွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ မုံရွာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားဟောင်းတစ်ဦးက\လည်း ပြောပါတယ်။
ထောင်အာဏာပိုင်တွေဟာ ထောင်ထဲမှာ အကျဉ်းသားတွေကိုပုံစံထိုင်ခိုင်းပြီး တော်လှန်ရေးမကောင်းကြောင်း၊ စစ်တပ်ကောင်းကြောင်းတွေကို ဟောပြောတာတွေလည်း ပုံမှန်ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။
၂၀၂၁ ဇွန်လ ၁၉ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် မုံရွာအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေက အင်္ကျီအဖြူဆင်တူဝတ်ပြီး မေတ္တာသုတ်ရွတ်ခဲ့တာကြောင့် ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို အကြမ်းဖက်ရိုက်နှက်တာ၊ ပုံစံထိုင်ခိုင်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
မုံရွာအကျဉ်းထောင်မှာ ကျား အိပ်ဆောင် ၅ ဆောင်၊ မ အိပ်ဆောင် ၁ ဆောင်၊ ကျား တိုက်ဆောင် ၁ ဆောင်၊ အုတ်ရိုးအပြင်ဘက် သီးသန့်ဆောင် ၃ ဆောင်ရှိပြီး လတ်တလောမှာ ထောင်တွင်းအကျဉ်းသားစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ ပြန်လွတ်လာတဲ့ နိုင်ကျဉ်းတွေက ပြောပါတယ်။