တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပဝတ်ဖျားရွာမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ပုလောက သားအမိနှစ်ဦး သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီခွဲလောက်က သားအမိနှစ်ယောက် ရွာလမ်းဘေး လမ်းလျှောက်သွားရင်း မိုင်းနင်းမိတာကြောင့် မိခင်ဖြစ်သူ ကိုယ်ဝန် ၆ လရှိ နော်မူးနော် အခင်းဖြစ်နေရာမှာ သေသွားပြီး သားဖြစ်သူ စော်လေးလေးကတော့ ပုလောမြို့ ပြည်သူဆေးရုံရောက်ပြီး ၉ နာရီလောက်မှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက PDF တွေ လာတိုက်မှာကြောက်လို့ ပဝတ်ဖျားရွာနားမှာ မိုင်းထောင်ထားတာ ဖြစ်ပြီး ပဝတ်ကုန်ရွာမှာ စစ်ကောင်စီ တပ်သား ၄၀ ကျော် တပ်စွဲနေတယ်လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
အဲဒီလို မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်သားတွေသာ အသုံးပြုပြီး ပီဒီအက်ဖ်တွေက လက်လုပ်မိုင်းဘဲ အသုံးပြုတာလို့ ဆိုပါတယ်။
ရွာသားတွေနေတဲ့ ရွာလမ်းတွေမှာ မြေမြှုပ်မိုင်းထောင်တာဟာ ရွာသားတွေအတွက် အန္တရာယ် များလွန်းတာကြောင့် စိုးရိမ်သောကရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။