ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းက ဒုတပ်ရင်းမှူးနေအိမ်ကို မြို့ပြပြောက်ကျားအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မာလာမြိုင် ၃ လမ်းမှာရှိတဲ့ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဇေယျာမြင့်သိန်းရဲ့ နေအိမ်ကို နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်က အကောင်ကြီးကြီးရဲ့ နေအိမ် ဒုတပ်ရင်းမှူးအိမ်လို့ သိရတယ် ဗုံးခွဲတာ လူတော့မထိဘူး။ အိမ်ရော ကားပါ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ရပ်ကွက်ထဲစစ်ကောင်စီတပ်သားတွေ ရောက်လာပြီ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေပါတယ်။
ဗုံးခွဲခံခဲ့ရတဲ့ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဇေယျာမြင့်သိန်းဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အင်းတိုင်တပ်ရင်းမှာ ဒုတိယတပ်ရင်းမှူးအဖြစ် တာဝန်ယူထားပြီးစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေသူ တဦး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် ၂၀၁၉ခု နှစ်က ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက် ထိုးစစ်ဆင်မှုတွေမှာ ကွပ်ကဲသူအဖြစ်ပါဝင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။