ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ယာဉ်ထိန်းရဲကင်းမှာ ဇန်နဝါရီ ၂၂ ရက် ဒီကနေ့ မနက်အစောပိုင်း ၆ နာရီလောက်က ဗုံး ၂ လုံးဆင့်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဗုံး ၂ လုံးဆက်တိုက်ဆင့်ပေါက်ကွဲခဲ့တာကြောင့် ယာဉ်ထိန်းတွေ ထိခိုက်တာ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၆ နာရီလောက်က ပေါက်တာ၊ တော်တော်စောသေးတယ်၊ အထဲမှာ ထိခိုက်တာမျိုးရှိနိုင်တယ်၊ သိပ်မကြာဘူး ဆေးရုံကားရောက်လာတယ်” လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် CCTV Control Box ထိခိုက်ပျက်စီးခဲ့သလို လူနာတင်ယာဉ်တစီးလည်း ရောက်လာတာ တွေ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။