ရန်ကုန်၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်၊ ဟွန်းဒိုင်းကား အရောင်းခန်းအနီးက စည်ပင်အမှိုက်ပုံးထဲမှာ မတ်လ ၂၇ ရက် ညပိုင်းက ပိုင်ရှင်မဲ့ မွေးကင်းစကလေးငယ် ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းက ပြောပါတယ်။
အဲဒီည ၈ နာရီခွဲလောက်က အမှိုက်သိမ်းနေတဲ့ စည်ပင်ဝန်ထမ်းတွေကနေ တွေ့ရှိခဲ့တာဖြစ်ပြီး တာမွေရဲစခန်းနဲ့ လူမှုကူညီရေးအသင်းတွေကို အကြောင်းကြားခဲ့တာပါ။
ဒေသခံပရဟိတအသင်းဝင်တယောက်က "အချင်းပတ်ထားတဲ့ ကလေးလေးက မိန်းကလေးပါ၊ သေဆုံးလျက် တွေ့ရပါတယ်။ အိတ်ထဲထည့်ပြီး လာပစ်ထားကြတာ၊ စံပြဆေးရုံပို့ပေးထားပါတယ်” လို့ ပြောပါတယ်။
ရုပ်အလောင်းထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်အနက်ရောင်ထဲက အချင်းတန်းလန်းနဲ့ မွေးကင်းစကလေးဟာ မိန်းကလေးလို့ သိရပြီး မွေးပြီးပြီးချင်း သေဆုံးခဲ့တာလား၊ အသတ်ခံရတာလား မသိရသေးပါဘူး။
ဘယ်သူတွေက လာရောက်စွန့်ပစ်ထားမှန်း မသိရသေးပေမဲ့ တာမွေမြို့နယ်ရဲစခန်းကတော့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး ကလေးရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ ပို့ဆောင်ထားပါတယ်။