စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာအုပ်စု၊ ထန်းပင်ကုန်းရွာအနီးမှာ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်ပေါင်းစုံက ဇန်နဝါရီ ၂၀ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မနက်ခင်းပိုင်းကနေ ရေဦးမြို့ပေါ်ကနေ ခြေလျင်စစ်ကြောင်းထိုးလာခဲ့ပြီး ချမ်းသာကျေးရွာအုပ်စုအတွင်းမှာ အခုလိုမိုင်းဆွဲခံရတာပါ။
ပြည်သူကာကွယ်ရေးအဖွဲ့ဝင် ကိုဂျိုးဇက်က “မိုင်းအဆွဲခံရတာက ချမ်သာကျေးရွာအုပ်စု၊ ချမ်းသာဘူတာအနီမှာ အဆွဲခံရတာဖြစ်တယ်။ အသေအပျောက်ကတော့ အတိကျမ ပြောနိုင်ဘူ။ အထိခိုက်အကျအဆုံးတော့ ရှိနိုင်လောက်တယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၁ ရက်က ချမ်းသာကျေးရွာကို ဝင်ရောက်ပြီး ရွာသား နှစ်ဦး ကို ပစ်သတ်ခဲ့ကာ ရွာသား ၆ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ချမ်းသာကျေးရွာကို စစ်ကောင်စီဝင်ရောက်တာဟာ လက်ရှိအကြိမ်နဲ့ဆို ၄ ကြိမ်မြှောက်ရှိခဲ့ပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ်က ကျေးရွာအတွင်းက ပစ္စည်းတွေနဲ့အိမ်တွေ ဖျက်ဆီးခံခဲရသလို တတိယအကြိမ်မှာတော့ ဒေသခံရွာသားတွေပါ အသတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်မှာ ချမ်းသာကျေးရွာအတွင်း ရောက်ရှိနေပါတယ်။
ချမ်းသာကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်လောက်ရှိပြီး ဒေသခံရွာသားတွေဟာ မိရိုဖလာတောင်သူလုပ်ငန်းကို ရိုးသားစွာလုပ်ကိုင်စားသောက်နေသူတွေ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီနဲ့ ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံရွာသား ထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။