Home
မြန်မာသတင်း
နွားထိုးကြီး၌ ရွာသား ၁၃ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် နှိပ်စက်ခံဒဏ်ရာဖြင့် ၄ ဦး သေဆုံး
DVB
·
January 19, 2022
Lat Pan village

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ၁၅ မိုင်လောက်အကွာမှာရှိတဲ့ လက်ပန်စံပြကျေးရွာကို ဇန်နဝါရီ ၁၈ ရက် မနက်၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး ရွာသား ၁၃ ယောက်ကို  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ရွာသား ၄ ယောက်ကတော့ ဒီနေ့မနက်မှာပဲ စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုသေဆုံးခဲ့သူတွေဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေရရှိထားပြီး အဲဒီထဲက တစ်ယောက်က လက်သည်း ခြေသည်းခွံအားလုံးနီးပါးကို ခွာပြီး နှိပ်စက်သတ်ဖြတ်ခံထားရတယ်လို့  သိရပါတယ်။ 

အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၄ ယောက်၊ စုစုပေါင်း ၁၃ ယောက်ကို နာမည်စာရင်း အတိအကျနဲ့ လာဖမ်းဆီးသွားတာဖြစ်ပြီး အကုန်လုံးကို ခေါင်းငုံ့ခိုင်းထားကာ သေနတ်တွေနဲ့ ချိန်ထားသလို နေအိမ်အတွင်း မွှေနှောက်ဖျက်ဆီးတာ၊ ငွေကြေး၊ ဖုန်းနဲ့ တန်ဖိုးရှိပစ္စည်းတွေကိုလည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေအထဲက  ၄ ယောက်ကတော့ သေဆုံးသွားပြီဖြစ်သလို သေဆုံးသူတွေကို ရင်ခွဲရုံပို့ထားပြီး အလောင်းပေးမယ်၊ မပေးဘူးကတော့ အခုချိန်ထိ သေချာ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ညအိပ်ချိန်မှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ကာ နောက်ထပ် ဖမ်းဆီးဖို့ ၁၇ ယောက် ကျန်သေးတယ်လို စစ်ကောင်စီဘက်က ပြောသွားပြီး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို မသိရဘူးလို့  ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024